မြိတ်မြို့တွင် ကိုဗစ်-၁၉ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးအတွက် ကျန်းမာရေးအထောက်အကူပြုပစ္စည်းများနှင့် အလှူငွေများလှူဒါန်း

မြိတ်၊ အောက်တိုဘာ  ၁၂

တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်မြို့တွင် ကိုဗစ်-၁၉ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းများ ဆောင်ရွက် ရာတွင် အထောက်အကူဖြစ်စေရန်နှင့် ကျန်းမာရေးဝန်ထမ်းများအား အားပေးသည့်အနေဖြင့် မြိတ်ခရိုင် ပြည်သူ့ကျန်းမာရေးဦးစီးဌာနနှင့် မြိတ်ပြည်သူ့ဆေးရုံတို့တွင် ကျန်းမာရေးအထောက်အကူပြုပစ္စည်းများနှင့် အလှူငွေများကို အောက်တိုဘာလ (၁၂) ရက်က မြိတ်ဒေသ ကိုဗစ်-၁၉ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး အထောက်အကူပြုကော်မတီမှ သွားရောက်လှူဒါန်းခဲ့ကြသည်။

ကျန်းမာရေးအထောက်အကူပြုပစ္စည်းများနှင့် အလှူငွေများလှူဒါန်းရာတွင် မြိတ်ခရိုင် ပြည်သူ့ကျန်းမာရေးဦးစီးဌာနရုံး အစည်းအဝေးခန်းမ၌ PPE အထည်(၅၀)၊ Surgical Cap (၁၀) ဗူး၊ Infrared Thermometer (၅) ခုနှင့် အလှူငွေကျပ် (၃) သိန်းတို့ကို တနင်္သာရီတိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီး ဒေါ်ရီရီချိုမှလှူဒါန်းရာ ခရိုင်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာလွင်လွင်မွန်က လက်ခံရယူခဲ့သည်။

ထို့အတူ မြိတ်ပြည်သူ့ဆေးရုံတို့တွင် မြိတ်ဒေသ ကိုဗစ်-၁၉ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး အထောက်အကူပြုကော်မတီမှ Surgical Gowns (၁၀၀) ထည်၊ Surgical Gloves (၁၀၀) စုံ၊ Exam-Gloves (၅) ဗူးနှင့် အလှူငွေကျပ် (၅) သိန်းလှူဒါန်းခဲ့ရာ ဆေးရုံအုပ် ဒေါက်တာယုယုဝေက လက်ခံရယူခဲ့ပြီး ဂုဏ်ပြုမှတ်တမ်းပြန်လည်ပေးအပ်ခဲ့ကြောင်း သိရသည်။

ခိုင်ထူး (မြိတ်၊ ပြန်/ဆက်)