ပဲခူးတိုင်းဒေသကြီး ဒိုက်ဦးမြို့ မြို့နယ်သံဃနာယကအဖွဲ့ လစ်လပ် အစားထိုးရွေးချယ်ပွဲအစည်းအဝေး ကျင်းပ

ဒိုက်ဦး ဇူလိုင် ၁၄

ပဲခူးတိုင်း‌ဒေသကြီး၊ ညောင်လေးပင်ခရိုင်၊ ဒိုက်ဦးမြို့နယ်၊ အမှတ် ၉ ဖအောင်ဝဲရပ်ကွက်၊ သီရိမင်္ဂလာမှန်ကျောင်းတိုက်ဓမ္မာရုံ၌ ယနေ့နံနက် ၉ နာရီအချိန်က ဒိုက်ဦးမြို့နယ်အတွင်း လစ်လပ်လျက်ရှိသော မြို့နယ်သံဃနာယကဆရာတော် ၁ ပါးနှင့် တိုင်းသံဃာ့ဝန်ဆောင်ဆရာတော် ၁ ပါး အစားထိုး ရွေးချယ်ပွဲအစည်းအဝေး ကျင်းပပြုလုပ်ခဲ့သည်။

အဆိုပါအခမ်းအနားသို့ နိုင်ငံတော်ဗဟိုသံဃဝန်ဆောင် ဆရာတော်များ၊ တိုင်းဒေသကြီး သံဃနာယကအဖွဲ့ဥက္ကဋ္ဌ၊ မြို့နယ်သံဃနာယက ရွေးချယ်မှုကြီးကြပ်ရေးဥက္ကဋ္ဌ ဘဒ္ဒန္တဣန္ဒစာရနှင့် အဖွဲ့ဝင်ဆရာတော်များ၊ မြို့နယ်သြဝါဒစရိယဆရာတော်များနှင့် သံဃဝန်ဆောင်ဆရာတော်များ၊ တိုင်းသာသနာရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဦးမြလွင်၊ မြိုနယ်စီမံအုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်ဆန်းဦးနှင့် အဖွဲ့ဝင်များ၊ မြို့နယ်သာသနာရေးမှူး၊ မြို့နယ်လူဝန်မှုကြီးကြပ်ရေးနှင်ပြည်သူ့အင်အားဝန်ကြီးဌာနမှ တာဝန်ရှိသူများ တက်ရောက်ပူဇော်ခဲ့ကြသည်။

မြို့နယ်သံဃနာယက​အဖွဲ့ ပြန်လည်ရွေးချယ်ရေး သဘာပတိဆရာတော်မှ အစည်းအဝေးသို့ ကြွရောက်တော်မူလာကြသော မြို့နယ်သံဃဝန်ဆောင်ဆရာတော်အရေအတွက်ကို ဖတ်ကြားလျှောက်ထားပြီး တက်ရောက်ခွင့်ရှိသောဆရာတော် (၉၃)ပါးအနက် တက်ရောက်ဆရာတော် (၅၆)ပါး၊ ဆန္ဒပေး (၃၇)ပါးဖြစ်၍ အစည်းအဝေးအထမြောက်အောင်မြင်ကြောင်း ကြေညာပြီး လုပ်ထုံးလုပ်နည်းနှင့်အညီ မြို့နယ်သံဃနာယကအဖွဲ့ကို ရွေးချယ်ဖွဲ့စည်းခဲ့ပြီး လစ်လပ်လျက်ရှိသော မြို့နယ်သံဃနာယကဥက္ကဋ္ဌအဖြစ် ဝါးဂါမဏီကျေးရွာကျောင်းတိုက်မှ ဘဒ္ဒန္တဇဝနနှင့် လစ်လပ်လျက်ရှိသည့် တိုင်းသံဃဝန်ဆောင်တစ်ပါးနေရာ၌ ဘဒ္ဒန္တဇနိတ၊ ညောင်ပင်ဆိပ်ကျောင်း၊ ဒိုက်ဦးမြို့အားလည်းကောင်း၊ အသီးသီးရွေးချယ်ပေးခဲ့ကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)