အ.ထ.က တနင်္သာရီတွင် အာဇာနည်နေ့အထိမ်းအမှတ် ဆုရစာစီစာကုံးများဖြင့် ဟောပြောပွဲပြုလုပ်

တနင်္သာရီ ဇူလိုင် ၁၄

တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်၊ တနင်္သာရီမြို့နယ် အ.ထ.က တနင်္သာရီကျောင်းမှ ၂၀၂၃ ခုနှစ်၊ ဇူလိုင်လ ၁၉ ရက်နေ့တွင် ကျရောက်မည့် (၇၆)နှစ်မြောက်၊ အာဇာနည်နေ့အထိမ်းအမှတ် ဟောပြောပွဲအခမ်းအနားကို ယနေ့နံနက် ၉ နာရီအချိန်က  ပညာရတနာခန်းမအတွင်း ကျင်းပပြုလုပ်ရာ ကျောင်းအုပ်ဆရာကြီးနှင့် ဆရာ/ဆရာမများ Grade-8 အတန်းမှ ကျောင်းသူ/ကျောင်းသား(၁၃၀)ဦးနှင့် Grade-9 အတန်းမှ ကျောင်းသူ/ကျောင်းသား(၁၅၀)ဦး စုစုပေါင်း ကျောင်းသူ/ ကျောင်းသား(၂၈၀)ဦး တက်ရောက်ကြသည်။

အခမ်းအနားတွင် အ.ထ.က တနင်္သာရီ ကျောင်းအုပ်ဆရာကြီး ဦးအေးနိုင်က ယခုဆုရ ကျောင်းသား/ကျောင်းသူများကဲ့သို့ လာမည့်နှစ်မှာ မျိုးဆက်သစ်များအား အစဉ်အလာမပျက် လက်ဆင့်ကမ်းနိုင်အောင် ကြိုးစားပေးကြဖို့ အဖွင့်အမှာစကားပြောကြားသည်။

ထို့နောက် အ.ထ.က တနင်္သာရီကျောင်းတွင် (၇၆)နှစ်မြောက်၊ အာဇာနည်နေ့အထိမ်းအမှတ် စာစီစာကုံးပြိုင်ပွဲပြုလုပ်ရာ အထက်တန်းအဆင့်၌ (ပထမ)ဆု ရရှိသည့် Grade-11 အတန်းမှ မောင်သူရဝေလျှံနိုင်/ (ဒုတိယ)ဆုရှိသူ Grade-10 အတန်းမှ မဝတီမျိုးမြင့်နှင့် (တတိယ)ဆုရ မခြူးမြတ်စန္ဒီလွင်တို့က ၎င်းတို့၏ ဆုရရှိခဲ့သည့် စာစီစာကုံးပါ အကြောင်းအရာများကို ပြန်လည်ဖတ်မျှဝေကြားပေးကြသည်။

အလားတူ အထက်တန်းအဆင့် ကဗျာပြိုင်ပွဲတွင် (ပထမ)ဆုရရှိခဲ့သည့် Grade-11 အတန်းမှ မဟန်နီလှိုင်းက သူမ၏ ဆုရရှိသည့် ကဗျာကို ပြန်လည် ဖတ်ကြားပေးခဲ့သည်။

ထို့နောက် အခမ်းအနားသို့ တက်ရောက်လာသည့် ကျောင်းအုပ်ဆရာကြီး၊ ဆရာ/ဆရာမများနှင့် ကျောင်းသား/ကျောင်းသူများက အာရှသူရဲကောင်း သီချင်းဖြင့် သံပြိုင်သီဆိုကြသည်။

ယင်းနောက် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ အဆိုပါကျောင်းခန်းအတွင်း ပြသထားရှိသည့် (၇၆)နှစ်မြောက်၊ အာဇာနည်နေ့ အထိမ်းအမှတ် သမိုင်းဝင်မှတ်တမ်းဓါတ်ပုံများ၊ ဗိုလ်ချုပ်၏ မိန့်ခွန်းကောက်နှုတ်ချက်များနှင့် အာဇာနည်(၉)ဦးတို့၏ ဓါတ်ပုံနှင့်ကိုယ်ရေး အကျဉ်းများပါရှိသော ရွှေသာရီ နံရံကပ်စာစောင်များကို ကျောင်းသူ/ကျောင်းသားများက စိတ်ဝင်တစား လေ့လာကြည့်ရှုမှတ်သားကြကြောင်း သိရသည်။

နန်းသာရီ-ထိန်ဝင်း(ပြန်ဆက်)