တောင်ငူခရိုင် လူထုအခြေပြုဗဟိုဌာနခန်းမ၌ စာဖတ်ဝိုင်းကျင်းပ

တောင်ငူ ဇွန် ၁၄

ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် စာအုပ်စာစောင် ချစ်မြတ်နိုးသူများအသင်း (Book Club) တို့ပူးပေါင်း၍ ယနေ့နံနက်ပိုင်းက တောင်ငူခရိုင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာနခန်းမတွင် စာရေးဆရာ ညီညီနိုင် မြန်မာပြန်ဆိုရေးသားထားသည့် “အောင်မြင်ရေးသော့ချက် A-Z 26” စာအုပ်ဖြင့် စာဖတ်ဝိုင်း ကျင်းပခဲ့သည်။

ရှေးဦးစွာ စာအုပ်စာစောင်ချစ်မြတ်နိုးသူများအသင်း (Book Club) နာယက စာရေးဆရာကြီး ကေတုမောင်ညိုလင်းက အမှာစကားပြောကြားပြီး တောင်ငူခရိုင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်ဆွေဆွေမိုးမှ စာဖတ်ဝိုင်း ပြုလုပ်ရခြင်း၏ရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားသည်။ ဆက်လက်၍ နာယက (၂) ဦးမြသိန်းက “ရည်မှန်းချက်ပန်းတိုင်-ပစ်မှတ်များထားရှိမှု ခေါင်းစဥ်ဖြင့်လည်းကောင်း၊ Book Club ဥက္ကဋ္ဌစာရေးဆရာ မောင်ယဥ်ထွေး (တက္ကသိုလ်) က “ရည်မှန်းချက် ခေါင်းစဥ်ဖြင့် လည်းကောင်း၊ Book Club အဖွဲ့ဝင် ဦးချစ်ကိုကိုက “စိတ်အားထက်သန်မှု၊ တိုက်တွန်းအားပေးမှုခေါင်းစဥ်ဖြင့်လည်းကောင်း၊ အဖွဲ့ဝင် ဦးစိုးမြင့်လေးက “အပြုသဘော ဆောင်သော စိတ်နေသဘောထားခေါင်းစဥ်ဖြင့်လည်းကောင်း ဆွေးနွေးပြောကြားသည်။ ထို့နောက် စာဖတ်ဝိုင်းသို့ တက်ရောက်လာကြသည့် Women Club နှင့် Youth Club အဖွဲ့ဝင်များက ၎င်းတို့၏ အတွေးအမြင်များကို ပြန်လည်ဆွေးနွေးခဲ့ကြပြီး စာအုပ်စာစောင်ချစ်မြတ်နိုးသူများ အသင်း (Book Club) နာယကစာရေးဆရာကြီး ကေတုမောင်ညိုလင်းက ဆွေးနွေးချက်များ အပေါ် ပြန်လည်သုံးသပ်ဆွေးနွေးခဲ့ကာ စာအုပ်စာစောင်ချစ်မြတ်နိုးသူများအသင်း (Book Club) အဖွဲ့ဝင်များက ခင်းကျင်းပြသထားသော “အာဇာနည်နေ့ အထိမ်းအမှတ် နံရံကပ်စာစောင်များနှင့် စာအုပ်စာပေများကို ကြည့်ရှုလေ့လာကြသည်။

တောင်ငူခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနအနေဖြင့် ပြည်သူများ အသိပညာဗဟုသုတရရှိစေရန်၊ စာပေချစ်မြတ်နိုးသူများ တစ်ဦးနှင့်တစ်ဦး ရင်းနှီးကျွမ်းဝင်လာစေရန်ရည်ရွယ်၍ စာဖတ်ဝိုင်းများကို လစဥ်ကျင်းပဆောင်ရွက်လျက် ရှိကြောင်းနှင့် (၈/၂၀၂၃) လတွင် စာရေးဆရာ ဒေါက်တာခင်မောင်ညို ရေးသားထားသည့် “လူငယ်နှင့် အကောင်းဆုံးသောဘဝကို တည်ဆောက်ခြင်းစာအုပ်ဖြင့် စာဖတ်ဝိုင်း ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။

ဇော်ကိုကို(ပြန်/ဆက်)