ကမမောင်းမြို့၌ စာရေးဆရာများ ရေးသားထားသည့် တာဝန်သိစိတ် တာဝန်ယူစိတ် စာအုပ်အား စာဖတ်ဝိုင်းကျင်းပ

ကမမောင်း ဇူလိုင် ၁၄

ကရင်ပြည်နယ်၊ ဖာပွန်ခရိုင်၊ ကမမောင်းမြို့တွင်  စာရေးဆရာများ ရေးသားထားသော တာဝန်သိစိတ် တာဝန်ယူစိတ် စာအုပ်ဖြင့် ယနေ့နံနက်(၁၁)နာရီက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမ၌ စာဖတ်ဝိုင်းများ ကျင်းပပြုလုပ်ခဲ့သည်။

ရှေးဦးစွာ ကမမောင်းမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ စာကြည့်တိုက်လက်ထောက်-၃(အင်အားပြ) ဒေါ်တင်တင်လှက ပြည်သူများအနေဖြင့် အသိပညာဗဟုသုတဖွံ့ဖြိုးတိုးတက်လာစေရန်နှင့် စာဖတ်သည့် အလေ့အကျင့်ကောင်းများရရှိစေရန် ရည်ရွယ်၍ စာဖတ်ဝိုင်းများကို ဆောင်ရွက်ပေးလျက်ရှိကြောင်း ရှင်းလင်းပြောကြားပြီး စာဖတ်ဝါသနာရှင်

တစ်ဦးက အမေးရှိလျှင် အဖြေရှိသည်၊ အသွားရှိလျှင် အပြန်ရှိသည်၊ အဝေးရှိလျှင် အနီးရှိသည်၊ အရှုပ်ရှိလျှင် အရှင်းရှိသည်ဟူသော စကားရပ်သည် တာဝန်နှင့် အသိတရားကို ဖော်ဆောင် သော စကားရပ်များဖြစ်ကြောင်း၊ တာဝန်ဆိုသောစကားလုံးသည် အက္ခရာအားဖြင့် နှစ်လုံးပင် ရှိသော်ငြား နက်ရှိုင်းကျယ်ဝန်းလှကြောင်း၊ တာဝန်ရှိသည်မှာ စောင့်ရှောက်ခြင်းဟူ၍လည်း အဓိပ္ပါယ်သက်ရောက်ကြောင်း၊ မိမိကိုယ်ကိုစောင့်ရှောက်ခြင်းသည် ပတ်ဝန်းကျင်ပါ စောင့်ရှောက်ပြီးသားဖြစ်ကြောင်း၊ လူသားတွေ၏ဘဝမှာ ကျရောက်လာသော တာဝန်ကို လုံးလုံးလျားလျား တာဝန်ယူခြင်းသည် ရင့်ကျက်သောလူသားများ၏ လက္ခဏာပင် ဖြစ်ကြောင်း၊ တခြားသူများ၏ လေးစားမှုကို ရယူလိုသည်ဆိုလျှင် အရေးကြီးဆုံးအချက်က မိမိကိုယ်ကို မိမိလေးစားဖို့ပင်ဖြစ်ကြောင်း စသည့် အကြောင်းအရာများကို ဆွေးနွေးခဲ့ကြောင်း သိရှိရသည်။

ထို့နောက်တက်ရောက်လာသော စာဖတ်ဝါသနာရှင်များက စာအုပ်ပါအကြောင်းအရာများကို အပြန်အလှန် ဆွေးနွေးခဲ့ကြကြောင်း သိရှိရသည်။

သန့်ဇင်(ကမမောင်း ပြန်/ဆက်)