ပုလော ဇူလိုင် ၁၄
တနင်္သာရီတိုင်းဒေသကြီး၊ ပုလောမြို့၌ သွေးလွန်တုပ်ကွေးရောဂါဆိုင်ရာ အသိပညာပေးဟောပြောပွဲကို ယမန်နေ့ ညနေပိုင်းက ပုလောမြို့ ပြည်သူ့ဆေးရုံတွင် ကျင်းပပြုလုပ်ခဲ့သည်။
ဟောပြောပွဲတွင် ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ ဦးအောင်ဆန်းဆေးရုံအတွင်း လာရောက် ဆေးကုသမှုခံယူနေသည့် ပြည်သူများအား သွေးလွန်တုပ်ကွေးရောဂါဖြစ်ပွားရခြင်းနှင့်ပတ်သက်၍ ရှင်းလင်းပြောကြား၍ မဖြစ်ပွားမီ သွေးလွန်တုပ်ကွေးရောဂါ ကာကွယ်ရေးနည်းလမ်းများဖြစ်သည့် ဖုံး၊ သွန်၊ လဲ၊ စစ်၊ ခပ်၊ လောင်း၊ ထောင်၊ ဖွင့်၊ စွန့်/မြှပ်၊ ရှင်း၊ မှုတ်စကားလုံး အရှည်ကောက်၏ အဓိပ္ပါယ်များကို ရှင်းလင်းခြင်း၊ ရေကန်၊ ရေစည်၊ ရေပုံး၊ ရေအိုး စသည်များတွင် အဘိတ်ဆေးခပ်ရမည့် အတိုင်းအတာ၊ မိမိတို့ မိသားစုဝင်များအပြင် အိမ်နီးချင်းများတွင် သွေးလွန်တုပ်ကွေးရောဂါ သံသယရှိပါက နီးစပ်ရာ ဆေးရုံ၊ ဆေးခန်းများတွင် အမြန်ဆုံးပြသ၍ ကုသမှုခံယူရန် ရှင်းလင်းပြောကြားခဲ့ကြောင်း သိရသည်။
အေးအေးမော်(ပုလော)