ပေါက်ခေါင်း ဇူလိုင် ၁၄
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင် ပေါက်ခေါင်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံး၊ ပြည်သူ့စာကြည့်တိုက် လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမ၌ ယနေ့နံနက် ၁၀ နာရီက (၇၆)နှစ်မြောက် အာဇာနည်နေ့အထိမ်းအမှတ် အသိပညာပေးဟောပြောပွဲ၊ ဉာဏ်စမ်းပဟေဠိပြိုင်ပွဲ၊ နံရံကပ်စာစောင်နှင့် စာအုပ်ပြပွဲအခမ်းအနား ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ်ဦးစီးအရာရှိ ဒေါ်ချစ်နှင်းသုန်က ကျောင်းသားလူငယ်များအချိန်ကို အကျိုးရှိစွာ အသုံးပြုနိုင်ရန်၊ စိတ်ကူးဉာဏ်များ ရင့်သန်စေရန်နှင့် ပြောရဲဆိုရဲသည့် သတ္တိများရှိစေရန် ရည်ရွယ်၍ ပြိုင်ပွဲများ ပြုလုပ်ပေးရခြင်းဖြစ်ကြောင်း ရှင်းလင်းပြောကြားပြီး (၇၆)နှစ်မြောက်အာဇာနည်နေ့အထိမ်းအမှတ်အဖြစ် အာဇာနည်နေ့ဖြစ်ပေါ်လာပုံ သမိုင်းအကြောင်းအရာများနှင့် အာဇာနည်ခေါင်းဆောင်ကြီးများ၏ အတ္ထုပ္ပတ္တိများကို ဗဟုသုတဖြစ်ဖွယ် အသိပညာပေး ဟောပြောခဲ့သည်။ ယင်းနောက် ဉာဏ်စမ်းပဟေဠိပြိုင်ပွဲ ဆက်လက်ကျင်းပရာ သဖန်းချိုအခြေခံပညာမူလတန်းကျောင်းမှ ကျောင်းသား၊ ကျောင်းသူလေးများက ဝင်ရောက်ယှဉ်ပြိုင်ကြပြီး ပြိုင်ပွဲတွင် ဆုရရှိကြသူများကို မြို့နယ်ဦးစီးအရာရှိနှင့် တာဝန်ရှိသူများက ဆုများ ပေးအပ်ချီးမြှင့်ခဲ့သည်။
ယင်းနောက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ (၇၆) နှစ်မြောက် အာဇာနည်နေ့အထိမ်းအမှတ် အသိပညာပေးနံရံကပ်စာစောင်နှင့် သုတ၊ ရသစာအုပ်များနှင့် အခြားစိတ်ဝင်စားမည့် စာအုပ်များလည်း ခင်းကျင်းပြသထားရာ ကျောင်းသား၊ ကျောင်းသူများက စိတ်ပါဝင်စားစွာ ကြည့်ရှု့လေ့လာခဲ့ကြောင်း သိရသည်။
သန်းထွန်းအောင်(ပြန်/ဆက်)