ပုသိမ်မြို့၊ ​မြို့တော်ခန်းမ၌ အသေးစား၊ အငယ်စားနှင့် အလတ်စားစီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေး စကားဝိုင်းပြုလုပ်

ပုသိမ် ဇူလိုင် ၁၄

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့ မြို့တော်ခန်းမ၌ (MSMEs) ထုတ်ကုန်ပြပွဲကိုဖွင့်လှစ် ပြသလျက်ရှိရာ အသေးစား၊ အငယ်စားနှင့် အလတ်စားစီးပွားရေး လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးစကားဝိုင်းကို ဇူလိုင်လ ၁၂ ရက်နေ့ နေ့လယ်ပိုင်းက ကျင်းပပြုလုပ်ခဲ့ရာ ပုသိမ်ခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးလင်းကိုကိုက တက်ရောက် အမှာစကား ပြောကြားခဲ့သည်။

စကားဝိုင်းဆွေးနွေးပွဲတွင် ပုသိမ်ခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လက်ထောက် ညွန်ကြားရေးမှူး ဦးဝင်းရှိန်က Moderator အဖြစ် ဆောင်ရွက်ပြီး မြန်မာနိုင်ငံအသေးစား၊ အလတ်စား၊ အငယ်စား စီးပွားရေးလုပ်ငန်းရှင်များအသင်း အတွင်းရေးမှူး ဦးစိုးဟိန်း၊ ကန်ကြီးထောင့်မြို့နယ်မှ စီးပွားရေး လုပ်ငန်းရှင် ဒေါ်နွေးနွေးကျော်၊ တိုင်းဒေသကြီး အသေးစားစက်မှုလက်မှုလုပ်ငန်းကြီးကြပ်ရေး ဦးစီးဌာန၊ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်မြင့်မြင့်စီ၊ ခရိုင်စက်မှု ကြီးကြပ်ဦးစီးဌာနမှ ခရိုင်ဦးစီးမှူး ဦးချမ်းမြေ့အောင်၊ ခရိုင်စိုက်ပျိုး ရေးဦးစီးမှူးဦးဝင်းစိုး၊ ခရိုင်မွေးမြူရေးနှင့် ကုသရေးဦးစီးဌာန၊ ခရိုင်ဦးစီးမှူး ဒေါက်တာ သိန်းဆွေဦးတို့မှ စကားဝိုင်းဆွေးနွေးပွဲကို ဦးဆောင်ဆွေးနွေးခဲ့ကြသည်။

ဆွေးနွေးမှုများနှင့် ပတ်သက်၍ အခမ်းအနား တက်ရောက်ကြသော အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းရှင်များက သိရှိလိုသည်များ မေးမြန်းခဲ့ကြရာ တာဝန်ရှိသူများက အသီးသီးပြန်လည်ဖြေကြားခဲ့ကြကြောင်း သတင်းရရှိသည်။

မြင့်ဟန်