ရွှေတောင်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ စာပေချစ်မြတ်နိုးသူများအသင်း (Book Club) နှင့်ပူးပေါင်း၍ မုဒိတာစာဖတ်ဝိုင်းကျင်းပ

ရွှေတောင် ဇူလိုင် ၁၄

ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ရွှေတောင်မြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် ယနေ့ နံနက်ပိုင်းက စာအုပ်စာပေဝါသနာရှင်များ၊ စာပေချစ်မြတ်နိုးသူများအသင်း Book Club ဖြင့် မုဒိတာ စာဖတ်ဝိုင်း ပြုလုပ်ခဲ့ကြောင်း သိရသည်။

အခမ်းအနားတွင် စာပေချစ်မြတ်နိုးသူများအသင်း (Book Club) ဥက္ကဋ္ဌ ဒေါ်ခင်ယုနိုင် စာရေးဆရာမ အေပရယ်ယုနိုင် (ရွှေတောင်)က စာဖတ်သူဦးရ တိုးပွား စေရေး၊ စာမဖတ်သူ ပ ‌ပျောက်ရေး၊ မျိုးဆက်သစ်စာပေဝါသနာရှင်များ ပေါ်ပေါက်လာ‌‌စေရန်ရည်ရွယ် ဆောင်ရွက် ခြင်းဖြစ်ကြောင်း အမှာစကားပြောကြားပြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်ငြိမ်းငြိမ်းသန့်က လစဥ်မုဒိတာ စာဖတ်ဝိုင်းပြုလုပ်ရခြင်းဖြင့် စာဖတ်စာ‌ရေးသည့် အလေ့အကျင့် ကောင်းများ ရရှိစေရန်၊ စာပေဝါသနာရှင်များ အချင်းချင်းချစ်ခင် ရင်းနှီးမှုများ တိုးပွားလာစေရန် ဆောင်ရွက်ခြင်းဖြစ်ကြောင်း ထပ်ဆင့်ရှင်းလင်း ပြောကြား ခဲ့သည်။

ထို့နောက် စာရေးဆရာကြီး မောင်ခင်မင် (ဓနုဖြူ) ရေးသားသော" အမွေခံသူတစ်ယောက် အမွေပေးသူတစ်ရာ" စာအုပ်ဖြင့် မုဒိတာ စာဖတ်ဝိုင်းကို ဆက်လက် ကျင်းပရာ" မဖြေနိုင်လျှင်မအောင်ချင်နှင့်" ခေါင်းစဉ်ဖြင့် သိမှတ်ဖွယ်ရာဗဟုသုတများ၊ရသတို့ကို ဆရာကြီးဦးမြင့်ဦး မိတ္တ-ရွှေတောင်က လည်းကောင်း၊" ဝတ္ထုမဖတ်တာ ရှက်စရာ" ခေါင်းစဉ်ဖြင့် ဆရာကြီး ဦးကြည်ညွန့် (အောင်ပြည့်စုံ)ကလည်းကောင်း၊ "လူငယ်တွေအတွက် လူကြီးတွေပြင်ဆင်သင့်သည့် အကြောင်းအရာများ" ဆိုသော အကြောင်းအရာကို ဆရာမကြီးဒေါ်မြတ်နွယ် April Moon တို့က ဖတ်ကြားဆွေးနွေးခဲ့ရာ တက်ရောက်လာသည့် စာပေချစ်သူ များက အပြန်အလှန်ဆွေးနွေးခဲ့ကြပြီး မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိဒေါ်ငြိမ်းငြိမ်းသန့်က ကျေးဇူးတင်စကား ပြန်လည်ပြော ကြားခဲ့သည်။

စာဖတ်ဝိုင်းပြုလုပ်ခြင်းဖြင့် တက်ရောက်လာသူများအား စာပေကိုမြတ်နိုးတန်ဖိုးထားတတ်ပြီး စာဖတ်သည့် အလေ့အကျင့်ကောင်းများ မွေးမြူကြရန်နှင့် မျိုးဆက်သစ်စာရေးဆရာများ ပေါ်ပေါက်လာစေရန်ရည်ရွယ်၍ စာဖတ်ဝိုင်းများကို လစဉ်ပုံမှန်ဆောင်ရွက်သွားမည် ဖြစ်ကြောင်း သိရှိရသည်။

မြို့နယ် ပြန်/ဆက်