လပွတ္တာမြို့နယ်၌ (၂၀၂၂-၂၀၂၃) ပညာနှစ်သင်နှစ် တက္ကသိုလ်ဝင်စာမေးပွဲတွင် ထူးချွန်စွာအောင်မြင်ခဲ့ကြသည့်ဂုဏ်ထူးရ ကျောင်းသား/သူများအား ဂုဏ်ပြုဆုချီးမြှင့်ပွဲကျင်းပ

လပွတ္တာ  ဇူလိုင်  ၁၄

ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့၏ ထောက်ပံ့မှု၊ လပွတ္တာခရိုင်/ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၊ မြို့နယ်အဆင့်ဆင့်ဌာနဆိုင်ရာများ၊ မြို့မိမြို့ဖများ၊ အလှူရှင်များ၊ မြို့နယ် ဝန်ထမ်းပေါင်းစုံ ငွေစုငွေချေးအသင်းတို့၏ ပံ့ပိုးကူညီမှုဖြင့် (၂၀၂၂-၂၀၂၃) ပညာသင်နှစ်တက္ကသိုလ် ဝင်စာမေးပွဲတွင် ထူးချွန်စွာအောင်မြင်ခဲ့ကြသည့် ဂုဏ်ထူးရကျောင်းသား/သူများအား ဂုဏ်ပြုဆုချီးမြှင့်ခြင်းကို ယနေ့ နံနက်(၉)နာရီအချိန်က ရွေးနဒီခန်းမ၌ ကျင်းပခဲ့သည်။

အဆိုပါအခမ်းအနားတွင် လပွတ္တာမြို့ အ.ထ.က(၁) ကျောင်းသား/သူများက ပညာပန်းခင်း သီချင်း ဖြင့် သီဆိုဖျော်ဖြေကြသည်။ ဆက်လက်ပြီး လပွတ္တာခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးဇော်မျိုးညွန့် နှင့် လပွတ္တာမြို့နယ် ပညာရေးမှူး ဦးသက်လွင်တို့က အဖွင့်အမှာစကားပြောကြားခဲ့သည်။ ထို့နောက် လပွတ္တာမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးသူရက ကျေးဇူးတင် စကားပြောကြားပြီး အလှူရှင်များ အား ဂုဏ်ပြုမှတ်တမ်းလွှာများကို တာဝန်ရှိသူများက ပေးအပ်ခဲ့ကြသည်။

ထို့နောက် ၂၀၂၂-၂၀၂၃ပညာသင်နှစ် တက္ကသိုလ်ဝင်စာမေးပွဲတွင် ထူးချွန်စွာ အောင်မြင်ခဲ့ သည့် (၆) ဘာသာဂုဏ်ထူးရှင်(၁)ဦး၊ (၅)ဘာသာဂုဏ်ထူးရှင်(၁)ဦး၊ (၄)ဘာသာ ဂုဏ်ထူးရှင်(၄)ဦး၊ (၃)ဘာသာ ဂုဏ်ထူးရှင်(၁၅)ဦး၊ (၂)ဘာသာဂုဏ်ထူးရှင်(၄၃)ဦးနှင့် (၁)ဘာသာ ဂုဏ်ထူးရှင်(၁၂၆)ဦး တို့အား ခရိုင်အုပ်ချုပ်ရေးမှူးနှင့် တာဝန်ရှိသူများက ဂုဏ်ပြုဆုများအသီးသီးချီးမြှင့်ခဲ့ကြသည်။ အ.ထ.က(၁) ကျောင်းသား/သူ များက ဇာတိမာန်သီချင်းဖြင့် သီဆို၍ အခမ်းအနားကို ပိတ်သိမ်းခဲ့ ကြောင်း သိရသည်။

ခရိုင်(ပြန်/ဆက်)