သရက်ချောင်း ဇူလိုင် ၁၄
တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ သရက်ချောင်းမြို့နယ်၊ တိုင်းရင်းဆေးကုဌာနမှ သွေးလွန်တုပ်ကွေးရောဂါ ကြိုတင်ကာကွယ်ရေးဆိုင်ရာ အသိပညာပေးဟောပြောပွဲကို ယနေ့နံနက် ၁၀ နာရီအချိန်က သရက်ချောင်းမြို့၊ လူထုအခြေပြုဗဟိုဌာန(Community Center) ခန်းမတွင် ကျင်းပခဲ့သည်။
အခမ်းအနားတွင် သရက်ချောင်းမြို့နယ်၊ တိုင်းရင်းဆေးကုဌာနမှ ဦးစီးအရာရှိ ဒေါ်ရွက်ဝါအောင်က ကျောင်းသား/သူများအား တိုင်းရင်းဆေးပညာများအကြောင်း
သိကောင်းစရာများ၊ သွေးလွန်တုပ်ကွေးရောဂါဖြစ်ပွားရခြင်းနှင့် ပတ်သက်၍ ရှင်းလင်း ပြောကြား ခြင်း၊ သွေးလွန်တုပ်ကွေးရောဂါကာကွယ်ရေးနည်းလမ်းများအကြောင်း၊ ဖုံး၊ သွန်၊ လဲ၊ စစ်၊ ခတ်၊ လောင်း၊ ထောင်၊ ဖွင့်၊ စွန့်/မြှပ်၊ ရှင်း၊ မှုတ် စကားလုံးအရှည်ကောက်အဓိပ္ပါယ်များကိုရှင်းလင်းခြင်း၊ ကျောင်းသား/သူများအနေဖြင့် မိမိကိုယ်တိုင်၊ မိမိအိမ်ရှိမိသားစုဝင်များ၊ အိမ်နီးနားချင်းများ သွေးလွန်တုပ်ကွေးရောဂါဖြစ်ပွားသည်ဟု သံသယရှိပါက နီးစပ်ရာဆေးရုံ၊ ဆေးခန်းများသို့ အမြန်ဆုံးသွားရောက်ရန် စသည်ဖြင့် ရှင်းလင်းပြောကြားကာ ကျောင်းသား/သူများဖြင့် အပြန်အလှန်ဆွေးနွေးခဲ့ကြသည်။
ဆက်လက်၍ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဦးစီးအရာရှိဒေါ်နန်းခလိုက်ရှုက စာဖတ်ရှိန်မြှင့်ရေးအကြောင်း ဆွေးနွေးပြီးနောက် မြို့နယ်တိုင်းရင်းဆေးကုဌာနမှ သွေးလွန် တုတ်ကွေးရောဂါဆိုင်ရာ အသိပညာလက်ကမ်းစာစောင်များဖြန့်ဝေခဲ့ကြောင်း အဆိုပါ ဟောပြောပွဲသို့ သရက်ချောင်းမြို့၊ အခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းသား/သူများ တက်ရောက်ခဲ့ကြောင်း သိရသည်။
ပြည့်ဖြိုးပိုင်(သရက်ချောင်း)