ဘားအံ ဇူလိုင် ၁၄
ရပ်ကွက်/ကျေးရွာနှင့်တိုက်နယ်များမှ ပြည်နယ်နှင့်နိုင်ငံဂုဏ်ဆောင်နိုင်မည့် ရွက်ပုန်းသီးအားကစားသမားများ ပေါ်ထွန်းလာစေရန်ရည်ရွယ်ကျင်းပသော ၂၀၂၃ ခုနှစ် ဘားအံမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌဖလား ရပ်ကွက်/ကျေးရွာပေါင်းစုံ အသက်(၂၅)နှစ်အောက် အမျိုးသားဘောလုံးပြိုင်ပွဲဖွင့်ပွဲကို ယနေ့နံနက် ၈ နာရီခန့်က ဘားအံမြို့၊ အောင်သံလွင်အားကစားကွင်း၌ကျင်းပရာ ကရင်ပြည်နယ်ဝန်ကြီးချုပ်ဦးစောမြင့်ဦး၊ ပြည်နယ်တရား လွှတ်တော်တရားသူကြီးချုပ်ဒေါ်ခင်ဆွေထွန်း၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများနှင့် အားကစားဝါသနာရှင်များ တက်ရောက်ကြည့်ရှုအားပေးခဲ့ကြသည်။
အဆိုပါပြိုင်ပွဲသို့ ဘားအံမြို့နယ်အတွင်းရှိ ရပ်ကွက်၊ ကျေးရွာများမှ ဘောလုံးအသင်း(၁၈)သင်း၊ အားကစားသမား ၃၆၀ ဦး ဝင်ရောက်ယှဉ်ပြိုင်ကစားကြပြီး ဖွင့်ပွဲအခမ်းအနားတွင် ဘားအံမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲဥက္ကဋ္ဌ ဦးကျော်စိုးထင်က အားကစားလှုပ်ရှားဆောင်ရွက်ခြင်းဖြင့် ကိုယ်ကာယကြံ့ခိုင်မှု၊ ကိုယ်ရောစိတ်ပါကျန်းမာကြံ့ခိုင်စေမှုစသည့် အကျိုးတရားများကိုရရှိခံစားရမည်ဖြစ်ပြီး ပြိုင်ပွဲဝင်အားကစားသမားများအနေဖြင့် မိမိရပ်ကွက်/ကျေးရွာ အုပ်စုများ၏ဂုဏ်ကိုဆောင်နိုင်အောင် ကြိုးစားအားထုတ်သွားကြစေလိုကာ ပြည်နယ်ဝန်ကြီးချုပ်ဖလား မြို့နယ်ပေါင်းစုံဘောလုံးပြိုင်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်မည့် ဘားအံမြို့နယ်အသင်းအား ကိုယ်စားပြုနိုင်သော ဘောလုံးအားကစားသမားကောင်းများဖြစ်အောင် ကြိုးပမ်းအားထုတ်ကြစေလိုကြောင်း တိုက်တွန်းပြောကြား၍ ပြိုင်ပွဲအားဖွင့်လှစ်ပေးခဲ့သည်။
ထို့နောက် ပြိုင်ပွဲဝင်အားကစားသမားများသည် အားကစားသစ္စာအဓိဌာန်ရွတ်ဆို၍ ကွင်းအတွင်းမှ ပြန်လည်ထွက်ခွာခဲ့ကြပြီး အဖွင့်ပွဲစဉ်အဖြစ် အမှတ်(၃+၆)ရပ်ကွက်ဘောလုံးအသင်းနှင့် အမှတ်(၅)ရပ်ကွက်ဘောလုံးအသင်းတို့ ယှဉ်ပြိုင်ကစားကြရာ ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများနှင့် အားကစားဝါသနာရှင်များက ကြည့်ရှုအားပေးခဲ့ကြပြီး အဆိုပါပွဲစဉ်တွင် အမှတ်(၃+၆)ရပ်ကွက်ဘောလုံးအသင်းက အမှတ်(၅)ရပ်ကွက်ဘောလုံးအသင်းအား သုံးဂိုးတစ်ဂိုးဖြင့် အနိုင်ရရှိခဲ့သည်။
အလားတူ ၂၀၂၃-၂၀၂၄ ပညာသင်နှစ် နည်းပညာတက္ကသိုလ်(ဘားအံ)၏ ဘာသာရပ်ပေါင်းစုံ အားကစားပြိုင်ပွဲ ဗိုလ်လုပွဲစဉ်နှင့်ဆုချီးမြှင့်ပွဲအခမ်းအနားကို ယမန်နေ့ နံနက် ၉ နာရီခန့်က ဘားအံမြို့၊ မိုးလုံလေလုံ အားကစားခန်းမ၌ ကျင်းပသည်။
အဆိုပါ ဘာသာရပ်ပေါင်းစုံအားကစားပြိုင်ပွဲသို့ မြို့ပြအင်ဂျင်နီယာ၊ အီလက်ထရောနစ်အင်ဂျင်နီယာ၊ လျှပ်စစ်စွမ်းအားအင်ဂျင်နီယာ၊ စက်မှုအင်ဂျင်နီယာအစရှိသော ဘာသာရပ်(၄)ခုမှ စစ်တုရင်၊ စားပွဲတင်တင်းနစ်၊ ဘောလီဘော၊ ကြက်တောင်ရိုက်၊ ပိုက်ကျော်ခြင်း အားကစားနည်းတို့တွင် ကျောင်းသား၊ ကျောင်းသူအားကစားသမား ၁၇၆ ဦးက ဇူလိုင်လ ၅ ရက်နေ့မှ ၁၃ ရက်နေ့ထိ ယှဉ်ပြိုင်ကစားခဲ့ကြပြီး ကရင်ပြည်နယ်ဝန်ကြီးချုပ်ဦးစောမြင့်ဦးက ပြည်နယ်အတွင်းရွက်ပုန်းသီးဘောလုံး အားကစားသမားကောင်းများပေါ်ထွန်းလာစေရေးနှင့် ကျောင်းသား၊ ကျောင်းသူများအနေဖြင့် အားကစားကိုလေ့လာလိုက်စားကစားကြစေခြင်းဖြင့် ဗလငါးတန်ဖွံ့ဖြိုးတိုးတက်လာစေရန် ရည်ရွယ်ကျင်းပသည့်ပြိုင်ပွဲဖြစ်ကြောင်း၊ မိမိတို့လေ့လာသင်ယူသည့် ဘာသာရပ်အလိုက်စာပေဘာသာရပ်များအပြင် လူမှုပေါင်းသင်းဆက်ဆံရေးနှင့်အချင်းချင်းချစ်ကြည်ရင်းနှီးမှုရရှိပြီး အပြန်အလှန်သိတတ်နားလည်မှုများကို အားကစားလေ့ကျင့်ခန်းများဆောင်ရွက်ရာမှ ရရှိနိုင်မည်ဖြစ်သည့်အတွက် အားကစားလှုပ်ရှားမှုများကို မဖြစ်မနေဆောင်ရွက်ကြစေလိုပြီး နိုင်ငံတော်မှအားကိုးအားထားပြုနိုင်သော သားကောင်း၊ သမီးကောင်းများဖြစ်အောင် ကြိုးစားကြစေလိုကြောင်း ပြောကြားသည်။
ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်တာဝန်ရှိသူများသည် အမျိုးသားပိုက်ကျော်ခြင်းပြိုင်ပွဲ ဗိုလ်လုပွဲစဉ်အဖြစ် အီလက်ထရောနစ်အင်ဂျင်နီယာအသင်းနှင့် စက်မှုအင်ဂျင်နီယာအသင်းတို့ ယှဉ်ပြိုင်ကစားမှုကို ကြည့်ရှုအားပေးခဲ့ကြပြီး အဆိုပါပွဲစဉ်တွင် အီလက်ထရောနစ်အင်ဂျင်နီယာအသင်းက နှစ်ပွဲပြတ်ဖြင့် အနိုင်ရဗိုလ်စွဲခဲ့သည်။
ယင်းနောက် ဆုချီးမြှင့်ပွဲအခမ်းအနားကို ဆက်လက်ကျင်းပရာ ပြည်နယ်အစိုးရအဖွဲ့ဝင်ဝန်ကြီးများနှင့် ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်ဒေါ်ခင်ဆွေထွန်းတို့က မေဂျာပေါင်းစုံစစ်တုရင်ပြိုင်ပွဲ၊ စားပွဲတင်တင်းနစ်ပြိုင်ပွဲ၊ ဘောလီဘောပြိုင်ပွဲ၊ ကြက်တောင်ရိုက်ပြိုင်ပွဲနှင့် ပိုက်ကျော်ခြင်းပြိုင်ပွဲတို့တွင် ဆုရရှိကြသူများအား တစ်ဦးချင်းဆုတံဆိပ်နှင့် ဆုဖလားများကိုပေးအပ်ချီးမြှင့်ခဲ့ကြပြီး ပြည်နယ်ဝန်ကြီးချုပ်က မေဂျာပေါင်းစုံပိုက်ကျော်ခြင်းပြိုင်ပွဲတွင် ပထမဆုရရှိသော အီလက်ထရောနစ်အင်ဂျင်နီယာအသင်းအား တစ်ဦးချင်းဆုတံဆိပ်၊ ငွေသားဆုနှင့် ဆုဖလားတို့ကို ပေးအပ်ချီးမြှင့်ခဲ့ကြောင်း သတင်းရရှိသည်။
စောမျိုးမင်းသိန်း(ပြန်/ဆက်)