ပုလော အောက်တိုဘာလ ၁၂
ပုလောမြို့နယ် ကျွန်းလှတောင်ကျွန်း အရှေ့တောင်ဘက် (၂)မိုင်ခန့်အကွာတွင် ပင်လယ်ပြင် လှိုင်းလေပြင်းတိုက်ခတ်မှုကြောင့် တိုကျေးရွာမှ ကင်းမွန်မီးထွန်းလှေ (တိုးတက်ဦး−၁)မှ ယနေ့ နံနက် (၄)နာရီခန့်က ရေနစ်မြုပ်ခဲ့ကြောင်း သိရသည်။
ရေကြီးနစ်မြုပ်ရာသို့ ဒေသခံလှေများ၏ သတင်းပို့ချက်အရ ဗိုလ်မှူး သက်တင်အောင် ဦးဆောင်သော အဖွဲ့သည် နံနက် (၆)နာရီတွင် လှေနစ်မြုပ်ရာနေရာသို့ ရောက်ရှိချိန်တွင် ဒေသခံ ကင်းမွန်မီးထွန်းလှေ အောင်မြင့်မိုရ်−၅၄ မှ လှေသားများအား ကယ်ဆယ်ရေး ဆောင်ရွက်လျက်ရှိရာ ပူးပေါင်း၍ နစ်မြုပ်လျက်ရှိသော ကင်းမွန်မီးထွန်းလှေ (တိုးတက်ဦး−၁ ) မှ ပဲနင်း ဦးတင်ညီနှင့် လှေသား (၅) ဦးအား အသက်ရှင်လျက်ပြန်တွေ့ရကြောင်း၊ လှေသားများကို လိုအပ်သော ကျန်းမာရေးစောင့်ရှောက်မှုများ ပြုလုပ်ပေး၍ အ၀တ်အစားများနှင့် စားသောက်ဖွယ်ရာများ ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။
ဆက်လက်၍ ပျောက်ဆုံးနေသော လှေသား (၁) ဦးအား ဗိုလ်ကြီး မင်းစိုးသိန်းနှင့်အဖွဲ့၊ ဒေသခံ ငါးလှေများနှင့်အတူ ပူးပေါင်း၍ ဆက်လက်ရှာဖွေလျက်ရှိကြောင်းနှင့် အသက်ရှင်သူ ပဲနင်း ဦးတင်ညီ နှင့် လှေသား (၅) ဦးကို မလိကျေးရွာ အုပ်စုအုပ်ချုပ်ရေးမှူး ဦးစိုးမင်းထွန်းထံသို့ ညနေ (၅)နာရီ အချိန်က လွှဲပြောင်းပေးအပ်ခဲ့ကြောင်း သိရသည်။
အေးအေးမော်(ပုလော၊ ပြန်/ဆက်)