မြေဆီလွှာဖွံ့ဖြိုးတိုးတက်ပြီး မိုးစပါးအထွက်နှုန်းတိုးတက်စေရေးအတွက် သစ်စိမ်းမြေဩဇာ ပိုက်ဆံလျှော်ထည့်သွင်းမြေမြုပ်ပွဲ ကျင်းပ

 

ကြို့ပင်ကောက် ဇူလိုင် ၁၄

ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ ကြို့ပင်ကောက်မြို့နယ် အောင်ပင်သာကျေးရွာအုပ်စု သခွပ်ကုန်းကျေးရွာ တောင်သူဦးသိန်းဝင်း၏ ပျိုးထောင်စိုက်ပျိုးမည့်ရက် ၉၀ စပါးလယ် ၅ ဧကတွင် မြေဆီလွှာဖွံ့ဖြိုးတိုးတက်ပြီး မိုးစပါးအထွက်နှုန်းတိုးတက်စေရေးအတွက် သစ်စိမ်းမြေဩဇာ ပိုက်ဆံလျှော်ထည့်သွင်းမြေမြုပ်ပွဲကို ယနေ့ နံနက်ပိုင်းက ကျင်းပပြုလုပ်ခဲ့သည်။

တောင်သူများ၏ စိုက်ပျိုးမြေများတွင် မြေဆီလွှာဖွံ့ဖြိုးတိုးတက်ရေး၊ သစ်စိမ်းမြေဆွေးရရှိရေးနှင့် ဓါတုမြေဩဇာများ ဈေးနှုန်းမြင့်တက်နေချိန်တွင် ဓါတ်မြေဩဇာသုံးစွဲမှု လျော့ချနိုင်ရေး၊ စိုက်ပျိုးသီးနှံများ အပင်ဖြစ်ထွန်းမှုကောင်းမွန်ပြီး သီးနှံအထွက်နှုန်း တိုးတက်လာစေရေးတို့အတွက် ရည်ရွယ်၍ တစ်ဧကတွင် ပိုက်ဆံ‌‌လျှော်မျိုးစေ့ လေးပြည် ထည့်သွင်းစိုက်ပျိုးနိုင်ကြာင်း ထိုသို့စိုက်ပျိုးနိုင်ရန်အတွက် မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနတွင် မျိုးစေ့တစ်ပြည် ငါး‌ထောင်ကျပ် နှုန်းဖြင့် လာရောက်ဝယ်ယူနိုင်ကြောင်း ယခုနှစ်မိုးစပါးရာသီတွင် ပိုက်ဆံလျှော်သစ်စိမ်းမြေဩဇာဖြင့် လယ်ဧက ၃၀၅ ဧက စိုက်ပျိုးသွားနိုင်ရေးအတွက် ဆောင်ရွက်ထားကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးမှူး ဦးမောင်မောင်ဌေးက ပိုက်ဆံလျှော်ထည့်သွင်း မြေမြုပ်ပွဲသို့ တက်ရောက်လာကြသော မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် ဌာနဆိုင်ရာအကြီးအကဲများ၊ တောင်သူများအား ရှင်းလင်းပြောကြားသည်။

ယခင်နှစ်က မိုးစပါးတွင် ပိုက်ဆံလျော်သစ်စိမ်းမြေဩဇာ ထည့်သွင်းအသုံးပြုခဲ့သောကြောင့် ပုံမှန်စပါးအထွက်နှုန်း တင်း ၈၀ မှ တင်း ၁၀၀ အထိ အထွက်နှုန်းတိုးတက်လာခဲ့ကြောင်း မိုးစပါးစိုက်တောင်သူတစ်ဦးထံမှ သိရသည်။

ဇေယျာထွန်း(ကြို့ပင်ကောက်)