ကျုံပျော် ဇူလိုင် ၁၄
ဧရာဝတီတိုင်းဒေသကြီး အစိုးရအဖွဲ့ ဝန်ကြီးချုပ်ဖလား (၈)ခရိုင် အသက်(၁၉)နှစ်အောက် အမျိုးသမီး ဘောလုံးပြိုင်ပွဲ အောင်ပွဲရ ကျုံပျော်ခရိုင် အသင်းအား ဂုဏ်ပြုကြိုဆိုပွဲကို ဧရာဝတီတိုင်းဒေသကြီး၊ ကျုံပျော် ခရိုင်၊ ကျုံပျော်မြို့တွင် ယနေ့ နံနက် ၉ နာရီ အချိန်က ပြုလုပ်သည်။
ထိုသို့ကြိုဆိုရာတွင် ပထမ တံခွန်စိုက်ဆုဖလား ရယူလာသော ကျုံပျော်ခရိုင် ဘောလုံးအသင်းအား ကျုံပျော် မြို့အင်းရဲလမ်းဆုံတွင် ကျုံပျော်ခရိုင် ဒုတိယခရိုင်အုပ်ချုပ်ရေးမှူး ဒေါ်ယဉ်ဝင်းစော၊ မြို့နယ် စီမံအုပ်ချုပ်ရေး အဖွဲ့ဥက္ကဋ္ဌ ဦးဇေယျမင်းနှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာ အကြီးအကဲများ၊ ဝန်ထမ်းများ၊ ကျောင်းသား၊ ကျောင်းသူများ၊ ပြည်သူများက ဂုဏ်ပြုပန်းကုံးစွပ်ခြင်း၊ သပြေခက်များ၊ အောင်ပန်းများ ချီးမြှင့်ခြင်း တို့ဖြင့် သောင်းသောင်းဖျဖျ ကြိုဆိုကြပြီး နံနက်စာဖြင့် တည်ခင်း ဧည့်ခံခဲ့သည်။
ကျုံပျော်ခရိုင် ဘောလုံးအသင်း အနေဖြင့်ပြိုင်ပွဲတွင် ဧရာဝတီတိုင်းဒေသကြီး အတွင်းရှိ ခရိုင်ပေါင်း(၈)ခရိုင်မှ ဘောလုံးအသင်း(၈)သင်းနှင့် ယှဉ်ပြိုင်ခဲ့ပြီး၊ ဗိုလ်လုပွဲတွင် ပုသိမ်ခရိုင်အသင်းနှင့် ယှဉ်ပြိုင်ကစားကာ တစ်ဂိုး ဂိုးမရှိဖြင့် အနိုင်ရပြီး ပထမ ဆုဖလား ကိုဆွတ်ခူးရရှိခဲ့ကြောင်း သိရသည်။
လပြည့်ဦး(ပြန်/ဆက်)