ရှမ်းရွာသစ် ဇူလိုင် ၁၄
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ရှမ်းရွာသစ်မြို့တွင် ကျောင်းသားလူငယ်လေးများ ကလေးအလုပ်သမားပပျောက်ရေးနှင့် ပတ်သက်၍ အသိပညာပေးအကြောင်းအရာများကို ကျယ်ကျယ်ပြန့်ပြန့် သိရှိစေရန်ရည်ရွယ်၍ ယနေ့နံနက်ပိုင်း(၉)နာရီအချိန်တွင် လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမ၌ ကလေးအလုပ်သမားပပျောက်ရေးဆိုင်ရာ အသိပညာပေးလုပ်ငန်းများကို ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အဆိုပါ အသိပညာပေးလုပ်ငန်းတွင် မြို့ဦးစီးမှူးဒေါ်ဇင်မိုးအေးက ကလေးသူငယ်များအား ကလေးအလုပ်သမားပပျောက်ရေးဆိုင်ရာ အသိပညာပေးအကြောင်းအရာများကို ဟောပြောပြီးနောက် ကလေးအလုပ်သမားဟူသည် အဘယ်နည်း၊ ကလေးအလုပ်သမားနှင့် ပတ်သက်သည့်အဓိပ္ပာယ်ဖွင့်ဆိုချက်များ၊ ကလေးသူငယ်အခွင့်အရေးများဆိုင်ရာဉပဒေများ၊ ပြစ်မှု၊ ပြစ်ဒါဏ်များ၊ ကလေးအလုပ်သမားလျော့နည်းစေရန် ကြိုတင်ကာကွယ်ရမည့်နည်းလမ်းများ၊ ကလေးများလုပ်သော အလုပ်နှင့်ကလေးသူငယ်အခွင့်အရေးများ၊ လုပ်ငန်းရှင်များအတွက် ကလေးသူငယ်အချက်အလက်များဆိုင်ရာ သိမှတ်ဖွယ်ရာများ စသည့် ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ အသိပညာပေးနံရံကပ်စာစောင်များကို ပြသဆောင်ရွက်ထားရာ ကျောင်းသား/ သူကလေးသူငယ်များက စိတ်ဝင်စားစွာကြည့်ရှုလေ့လာခဲ့ကြောင်း သိရသည်။
ထို့နောက် ကရင်ပြည်နယ်အစိုးရအဖွဲ့၊ ကရင်ပြည်နယ် ကလေးအလုပ်သမားပပျောက်ရေးဆိုင်ရာလုပ်ငန်းကော်မတီမှ ထုတ်ဝေသည့် ကလေးအလုပ်သမားပပျောက်ရေး၏ ရည်မှန်းချက် (၃)ရပ်၊ ကလေးအလုပ်သမား၏ အဓိပ္ပာယ်၊ ကလေးအလုပ်သမား၏အသက်အရွယ်၊ ကလေးအလုပ်သမား၏ အလုပ်ချိန်ကန့်သတ်ချက်၊ ကိုဗစ်-၁၉ရောဂါကာလအတွင်း ကလေးအလုပ်သမားများနှင့် ကျောင်းပညာရေး၊ ကိုဗစ်-၁၉ရောဂါ ဖြစ်ပွားနေချိန်ကလေးများအား ကလေးအလုပ်သမားဖြစ်စေခြင်းမှ ကာကွယ်ကြပါစို့၊ ကလေးအလုပ်သမား ပပျောက်ရေးအတွက် ပြည်သူများအားလုံး ဝိုင်းဝန်းကြိုးပမ်းကြပါစို့ ပါဝင်သော အသိပညာပေးလက်ကမ်း စာစောင်များကိုလည်း ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။
ဇင်လေး(ပြန်/ဆက်)