ပွင့်ဖြူမြို့နယ်၌ ကလေးအလုပ်သမား လျော့နည်းပပျောက်ရေးအတွက် ပြည်သူများထံ ကလေးအလုပ်သမားဥပဒေသိမှတ်ဖွယ်ရာ စာအုပ်များအခမဲ့ဖြန့်ဝေ

ပွင့်ဖြူ ဇူလိုင် ၁၄

မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ် စည်ပင်သာယာရေးအဖွဲ့က မြို့နယ်အတွင်း ကလေးအလုပ်သမားလျော့နည်းပပျောက်စေရန်နှင့် ကလေးအလုပ်သမားပပျောက်ရေးလုပ်ငန်းများတွင် ပြည်သူလူထုပူးပေါင်းပါဝင်ဆောင်ရွက်နိုင်ရန် ရည်ရွယ်၍ ယမန်နေ့နံနက် ၉ နာရီက မြို့နယ်စည်ပင်သာယာရေးအဖွဲ့ဝန်ထမ်းများက ပွင့်ဖြူမြို့နယ် ရှောက်တောကျေးရွာ၊ ကုန်းဇောင်းကျေးရွာ စည်ပင်သာယာရေးနယ်နိမိတ်အတွင်းရှိ လုပ်ငန်းလိုင်စင်ထုတ်ပေးထားသည့် လုပ်ငန်းရှင်ပြည်သူများထံ ကလေးအလုပ်သမားပပျောက်ရေး ဥပဒေသိမှတ်ဖွယ်ရာစာအုပ်များအခမဲ့ လိုက်လံဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။

ထိုသို့ ဆောင်ရွက်ရာတွင် ပွင့်ဖြူမြို့နယ်စည်ပင်သာယာရေးအဖွဲ့ အမှုဆောင်အရာရှိ ဦးလင်းမင်းညွန့်၏ ကြီးကြပ်မှုဖြင့် မြို့နယ်စည်ပင်သာယာရေးအဖွဲ့ ဝန်ထမ်းများပူးပေါင်းအဖွဲ့က ပွင့်ဖြူမြို့နယ် ရှောက်တောကျေးရွာနှင့် ကုန်းဇောင်းကျေးရွာရှိ စည်ပင်သာယာရေးအဖွဲ့မှ တရားဝင် လုပ်ငန်းလိုင်စင်ထုတ်ပေးထားသည့် တည်းခိုခန်း၊ စားသောက်ဆိုင်၊ လက်ဖက်ရည်ဆိုင်များနှင့် စက်ရုံ၊ အလုပ်ရုံများသို့သွားရောက်ပြီး လုပ်ငန်းရှင်များနှင့် တွေ့ဆုံကာ မြို့နယ်အတွင်းကလေးများအား အလုပ်သမားအဖြစ်ခိုင်းစေမှုများ လျော့နည်းပပျောက်စေရန် အကောင်အထည်ဖော်ဆောင်ရွက်နေမှုများ ၊ ဥပဒေအရ တရားဝင်အလုပ်လုပ်ကိုင်ခွင့်ရှိသည့် ကလေးအလုပ်သမားများအား ဥပဒေနှင့်အညီ ထိရောက်စွာအကာအကွယ်ပေးရန်အချက်များ၊ အန္တရာယ်ရှိအလုပ်နှင့်လုပ်ငန်းခွင်များတွင် လုပ်ကိုင်နေရသည့်ကလေးများကို သင့်လျော်ကောင်းမွန်သည့် အလုပ်အကိုင်များရရှိအောင် ဆောင်ရွက်ပေးရန်အချက်များ၊ ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ ဥပဒေ(၂၀၁၉ ခုနှစ်)နှင့် ကလေးအလုပ်သမားပပျောက်ရေးနှင့်ပတ်သက်သည့် ဥပဒေပုဒ်များ၊ ကလေးငယ်များ၏ အနာဂတ်ဘဝဘက်စုံဖွံ့ဖြိုးတိုးတက်စေရေးအတွက် ကာကွယ်စောင့်ရှောက်ရမည့် လုပ်ငန်းတာဝန်များ၊ ကလေးငယ်များ၏ ရပိုင်ခွင့်နှင့် အခွင့်အရေးများ၊ ပညာသင်ယူခွင့်ဆိုင်ရာ အခွင့်အလမ်းများကလေးငယ်များဘဝ လုံခြုံစေရေးအတွက် ပြည်သူလူထုပူးပေါင်းပါဝင်ဆောင်ရွက်ရမည့် လုပ်ငန်းတာဝန်မျာကို အသိပညာပေး ရှင်းလင်းဆွေးနွေးပြောကြားပြီး ကလေးအလုပ်သမားဥပဒေ သိမှတ်ဖွယ်ရာစာအုပ်များကို လုပ်ငန်းရှင်ပြည်သူများထံ အခမဲ့ဖြန့်ဝေပေးခဲ့ကြသည်။

ပွင့်ဖြူမြို့နယ် စည်ပင်သာယာရေးအဖွဲ့အနေဖြင့် မြို့ပြသန့်ရှင်းရေးလုပ်ငန်းများနှင့် မြို့ပြဖွံ့ဖြိုးရေးလုပ်ငန်းများကို ကြိုးပမ်းဆောင်ရွက်လျက်ရှိသည့်အပြင် ပြည်သူလူထုစည်းကမ်းမဲ့အမှိုက်စွန့်ပစ်မှုများ လျော့နည်းပပျောက်စေရန် အသိပညာပေးခြင်း၊ မြို့ပတ်ဝန်းကျင်သန့်ရှင်းသာယာရေးနှင့် အမှိုက်ကင်းစင်ရေးအတွက် ပလတ်စတစ်အမှိုက် ကောက်ယူရှင်းလင်းသိမ်းဆည်းခြင်း၊ သဘာဝပတ်ဝန်းကျင် ကာကွယ်ထိန်းသိမ်းနိုင်ရန်အတွက် အပတ်စဉ် တနင်္လာနေ့တိုင်း မြို့နယ်စည်ပင်သာယာရေးနယ်နိမိတ်အတွင်းရှိ စည်ပင်သာယာဈေးများ၌ ဈေးသူဈေးသူများ ဈေးရောင်းချရာတွင် ပလတ်စတစ်ပစ္စည်း မသုံးစွဲရနေ့သတ်မှတ်ကာ ပလတ်စတစ်ပစ္စည်းအစားထိုး အင်ဖက်၊ ငှက်ပျောဖက်၊ စက္ကူများဖြင့် ထုပ်ပိုးရောင်းချရေး ကြပ်မတ်စစ်ဆေးအသိပညာပေးခြင်းနှင့် ဒေသခံပြည်သူလူထု မီးဖိုချောင်သုံးအမှိုက်များ စနစ်တကျ စွန့်ပစ်နိုင်ရန် အမှိုက်သိမ်းယာဉ်ဖြင့် နေ့စဉ်အမှိုက်များ သိမ်းဆည်းဆောင်ရွက်ပေးလျက်ရှိကြောင်းနှင့် ပြည်သူလူထု အသိပညာဗဟုသုတတိုးပွားစေရေးအတွက် ယခုကဲ့သို့ ကလေးအလုပ်သမားပပျောက်ရေးဆိုင်ရာ အသိပညာပေးခြင်းလုပ်ငန်းများကိုလည်း ပူးပေါင်းပါဝင် ဆောင်ရွက်လျက်ရှိကြောင်း ပွင့်ဖြူမြို့နယ်စည်ပင်သာယာရေးအဖွဲ့ အမှုဆောင်အရာရှိ ဦးလင်းမင်းညွန့် ကပြောသည်။ 

လှိုင်ဝင်းလေး(ပွင့်ဖြူမြေ)