စစ်ကိုင်းပညာရေးတက္ကသိုလ်တွင် အားကစားနှင့်လူငယ်အသိပညာပေး ဟောပြောဆွေးနွေး

စစ်ကိုင်း ဇူလိုင် ၁၄

စစ်ကိုင်းပညာရေးတက္ကသိုလ်နှင့် ခရိုင်အားကစားနှင့်ကာယပညာဦးစီးဌာနတို့ ပူးပေါင်း၍ အားကစားနှင့်လူငယ်ရေးရာအသိပညာပေး ဟောပြောဆွေးနွေးပွဲကို ယမန်နေ့မွန်းလွဲ(၂)နာရီက အဆိုပါတက္ကသိုလ်ရှိ ဘွဲ့နှင်းသဘင်ခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ဟောပြောဆွေးနွေးပွဲတွင် စစ်ကိုင်းပညာရေးတက္ကသိုလ် ပါမောက္ခချုပ် ဒေါက်တာမြတ်မြတ်သော်က ကျောင်းစာအပြင် အားကစားအသိပညာများရရှိစေရန် ရည်ရွယ်၍ ပူးပေါင်းကျင်းပပေးရခြင်းဖြစ်ကြောင်း ပြောကြားပြီး ခရိုင်အားကစားနှင့်ကာယပညာဦးစီးဌာန၊ ခရိုင်ဦးစီးမှူး ဦးအေးကိုကိုက တစ်ကိုယ်ရည် ကျန်းမာရေးအတွက် အားကစား မျိုးစုံရှိသည့်အနက် မိမိတို့နှစ်သက်မြတ်နိုးရာ အားကစားများကို လှုပ်ရှားဆောင်ရွက်သွားကြစေလိုကြောင်း၊ အားကစား လှုပ်ရှားဆောင်ရွက်ခြင်းဖြင့် မိမိတို့ရဲ့ တစ်ကိုယ်ရည် ကျန်းမာရေးအတွက် အထောက်ပြုပေးသွားမှာဖြစ်ကြောင်း၊ ကျန်းမာရေးကောင်းမွန်နေမှသာ မိမိတို့ရဲ့ မျှော်မှန်းချက်/ရည်ရွယ်ချက်များ အကောင်အထည်ဖော် ဆောင်ရွက်နိုင်မှာဖြစ်ကြောင်း၊ ဒီတက္ကသိုလ်ကြီးမှာ တက်ရောက်နေကြတဲ့ ဆရာ/ဆရာမလောင်းများ အနေဖြင့် မိမိတို့ကျရာဒေသ တာဝန်ထမ်းဆောင်ကြရတဲ့အခါမှာလည်း ကျောင်းသား/ကျောင်းသူများကို အားကစားလှုပ်ရှားဆောင်ရွက်သွားကြဖို့ ပြန်လည် မျှဝေပေးသွားစေလိုကြောင်း ဟောပြောဆွေးနွေးကာ အားကစားပစ္စည်းများကိုပေးအပ်ရာ ပါမောက္ခချုပ်က လက်ခံပေးခဲ့ပြီး ကျောင်းသား/ကျောင်းသူ လေးများက Physical Fintness Dance ဖြင့် ကပြဖျော်ဖြေပေးခဲ့ကြသည်။

စစ်ကိုင်းခရိုင်/မြို့နယ်အားကစားနှင့်ကာယပညာဦးစီးဌာနအနေဖြင့် အဆင့်မြင့်ကျောင်းများ၊ အခြေခံပညာကျောင်းများနှင့် ရပ်ကွက်အတွင်းရှိ လူမှုရေးအသင်း အဖွဲ့များနှင့် ပူးပေါင်း၍ အားကစားသင်တန်းများဖွင့်လှစ်ခြင်း၊ အားကစားအသိပညာပေးလုပ်ငန်းများ ဆောင်ရွက်ခြင်းတို့ကို စဉ်ဆက်မပြတ် ပြုလုပ်ဆောင်ရွက် ပေးနေလျက်ရှိကြောင်း သိရသည်။

ဇော်မြင့်နိုင်