နတ်မောက် ဇူလိုင် ၁၄
မကွေးတိုင်းဒေသကြီး၊ နတ်မောက်မြို့နယ် န-လုပ်ခုပ်ပင်ကျေးရွာ တောင်သူများသည် မိုးကြိုနှမ်းများကို စိုက်ပျိုးခဲ့ရာ ယခုအခါ စတင်ရိတ်သိမ်းနေပြီဖြစ်ကြောင်း သိရသည်။
နတ်မောက်မြို့နယ် ဈေးသာကျေးရွာအရှေ့ဘက်ရှိ ယင်းချောင်းမြေနုကျွန်းပေါ်တွင် မြေကွက်များဖော်ကာ သီးနှံများစိုက်ပျိုးနေကြခြင်းဖြစ်ပြီး၊ အဆိုပါ မြေကွက်ပေါ်တွင် မိုးကြိုနှမ်းများကို စိုက်ပျိုးကြခြင်းဖြစ်သည်။ မိုးကြိုနှမ်းများစိုက်ပျိုးရာတွင် သက်တမ်းတိုသည့် ရက်ခြောက်ဆယ်နှမ်းမျိုးများကို စိုက်ပျိုးကြပြီး နှမ်းသီးနှံများ ရိတ်သိမ်းချိန်ရောက်ပြီဖြစ်၍ စတင်ရိတ်သိမ်းနေကြခြင်းဖြစ်ကြောင်း၊ ယခုအခါရိတ်သိမ်းပြီးသည့် လယ်မြေများတွင် မိုးစပါးကို ဆက်လက် စိုက်ပျိုးသွားမည်ဖြစ်ကြောင်း တောင်သူဦးဘိုလင်းကပြောသည်။
အလားတူ နတ်မောက်မြို့နယ် ဘုန်းတော်ပြည့်ကျေးရွာရှိ တောင်သူများသည်လည်း မိုးကြိုနှမ်းများ စိုက်ပျိုးထားကြပြီး မကြာမီရိတ်သိမ်းကြတော့မည်ဖြစ်ကြောင်း သိရသည်။
မူမူစန်း