မြင်းမူ အောက်တိုဘာ ၁၂
ဒေသခံကျေးလက်နေပြည်သူများ၏ လူမှုစီးပွားဖွံ့ဖြိုးတိုးတက်စေရေးအတွက် စီးပွားရေးလုပ်ငန်းများ လုပ်ကိုင်ဖန်တီးနိုင်ရန် ရင်းနှီးမတည်ငွေအဖြစ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၏ မြစိမ်းရောင် ချေးငွေ ပဥ္စမနှစ် ထုတ်ချေးပေးခြင်းလုပ်ငန်းကို အောက်တိုဘာလ(၁၂)ရက်နေ့က စစ်ကိုင်းခရိုင်၊ မြင်းမူမြို့နယ်ရှိ မကျီးစုကျေးရွာနှင့် ကြာပင်လှကျေးရွာတို့တွင် ပြုလုပ်ခဲ့ကြောင်း သိရှိရသည်။
ကျေးရွာပြည်သူအများစုမှာ တောင်သူလယ်ယာလုပ်ငန်း လုပ်ကိုင်သူများဖြစ်၍ ယင်းတို့၏ စိုက်ပျိုးရေးလုပ်ငန်းများတွင် ထုတ်ချေး ငွေများဖြင့် ရင်းနှီးမြုပ်နှံလုပ်ကိုင်လျှက်ရှိကြကြောင်း၊ အလားတူ မွေးမြူရေး လုပ်ကိုင်သူများလည်းရှိကြောင်း၊ ယခုထုတ်ချေးပေးမှုမှာ ပဉ္စမအကြိမ်ဖြစ်ကြောင်း၊ ယခုအခါမြစိမ်းရောင် အသင်းဝင်များ၏ လူမှုစီးပွားအခြေအနေများမှာ ဖွံ့ဖြိုးလျှက်ရှိကြောင်း၊ မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုး တိုးတက် ရေးဦးစီးဌာန၊ မြို့နယ်ဦးစီးမှုး ဒေါ်ထားထားရီထံမှသိရှိရသည်။
ယခုထုတ်ချေးပေးသည့် မကျီးစုကျေးရွာနှင့် ကြာပင်လှကျေးရွာ(၂)ရွာအတွက် ထုတ်ချေးငွေ(၁)ယူနစ်ငွေကျပ် (၄၅ဒဿမ၃၅)သန်း ဖြစ်ကြောင်းနှင့် ရရှိချေးငွေများဖြင့် စိုက်ပျိုးရေး လုပ်ကိုင်သူတောင်သူ(၁၃၇)ဦး၊ မွေးမြူရေးလုပ်ကိုင်သူ (၆၃)ဦးနှင့်အရောင်းအဝယ် လုပ်ကိုင်သူ (၁) ဦးတို့က မိမိတို့၏စီးပွားရေးလုပ်ငန်းများတွင် ရင်းနှီးထည့်ဝင်ကာ ဆက်လက် ဆောင်ရွက် နိုင်ကြမည်ဖြစ်ကြောင်း သိရှိရသည်။
အောင်စိုးဖေ (မြင်းမူ)