သာပေါင်းမြို့နယ် အခြေခံပညာကျောင်းများတွင် ကြက်ခြေနီအသင်းခွဲငယ်များအား အသိပညာပေး ဟောပြောပွဲနှင့်အသင်းခွဲငယ် အစည်းအဝေးကျင်းပ

သာပေါင်း ဇူလိုင် ၁၄

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ သာပေါင်းမြို့နယ် ကြက်ခြေနီအသင်းခွဲမှ ကြီးမှူး၍ ကြက်ခြေနီ အသင်းခွဲငယ် ဖွဲ့စည်းထားပြီးသော အခြေခံပညာကျောင်းများတွင် ကြက်ခြေနီနှင့်ရှေးဦးပြုစုခြင်းအကြောင်း အသိပညာပေးဟောပြောပွဲများကို သာပေါင်းမြို့နယ်၊ အခြေခံပညာအလယ်တန်းကျောင်း(ချင်းကုန်း)၊ အခြေခံပညာအလယ်တန်းကျောင်း(ခွဲ) (မြောက်ပန်းကုန်း)၊ အခြေခံပညာအလယ်တန်းကျောင်း(ခွဲ) အမှတ်(၃၀၈)ခြေမြန်တပ်ရင်း၊ အခြေခံပညာအလယ်တန်းကျောင်း(ခွဲ) (ကြက်သွန်ကွင်း) ကျောင်းများ၌ ဇူလိုင်လ ၁၂ ရက်နေ့၊နံနက် ၁၀ နာရီအချိန်မှစတင်ကာ ကျင်းပပြုလုပ်ခဲ့သည်။

အသိပညာပေးဟောပြောပွဲများကို သာပေါင်းမြို့နယ် ကြက်ခြေနီသူနာပြုတပ်ဖွဲ့၊ မြို့နယ်တပ်ဖွဲ့မှူး ဦးသက်ညီညီမင်းနှင့် ဒုတိယမြို့နယ်တပ်ဖွဲ့မှူး ဦးဇော်ဝင်းနိုင်၊ ဒုတိယတပ်ခွဲမှူး ဦးတင်မိုး၊ တပ်ကြပ်ဦးပြည့်ဖြိုးသူတို့က အသိပညာပေးဟောပြောပွဲ ပြုလုပ်ရသော ရည်ရွယ်ချက်နှင့် အကြောင်းရင်းများကို မိတ်ဆက်ပြောကြားခဲ့ပြီး ကြက်ခြေနီအခြေခံမူ(၇)ချက်နှင့် ဆောင်ရွက်နေသော လုပ်ငန်းများ၊ ရှေးဦးပြုစုခြင်း၏အရေးပါပုံနှင့် နည်းစနစ်များကို လက်တွေ့သရုပ်ပြသကာ ဟောပြော ဆွေးနွေးခဲ့ပြီး အသင်းခွဲငယ် ဖွဲ့စည်းပုံကို ရှင်းလင်းပြောကြားခဲ့သည်။

ဆက်လက်၍ ကျောင်းကြက်ခြေနီအသင်းခွဲငယ် တာဝန်ခံအဖွဲ့နှင့်တွေ့ဆုံ၍ အသင်းခွဲငယ် ဖွဲ့စည်းရခြင်းနှင့် ပတ်သက်သော ရည်ရွယ်ချက်များ၊ ဆောင်ရွက်ရမည့်လုပ်ငန်းများ၊ မြို့နယ်အသင်းခွဲမှ ဆောင်ရွက် ပေးနိုင်မည့် အစီအစဥ်တို့ကို ရှင်းလင်းဆွေးနွေးပြီး မြန်မာနိုင်ငံကြက်ခြေနီအသင်းမှ ပေးပို့သော ဂုဏ်ပြုမှတ်တမ်းလွှာ၊ ကြက်ခြေနီလှုပ်ရှားမှုနှင့် ပတ်သက်သော စာအုပ်စာတမ်းများ၊ လက်ကမ်းစာစောင်များ၊ အသိပညာပေး ဗီနိုင်းပိုစတာများနှင့် ရှေးဦးပြုစုခြင်းဆေးအိတ်ငယ်များကို အသင်းခွဲငယ် ဥက္ကဋ္ဌများထံသို့ ပေးအပ်ခဲ့ကြကြောင်း သိရသည်။

မျိုးဇော်သိန်း