ဘားအံမြို့ အခြေခံပညာအထက်တန်းကျောင်း(အုန်းတပင်)၌ လူငယ်များဘက်စုံဖွံ့ဖြိုးရေးလူငယ်စကားဝိုင်း ဆွေးနွေးပွဲကျင်းပ

ဘားအံ ဇူလိုင် ၁၄

ကရင်ပြည်နယ်၊ ဘားအံမြို့နယ်တွင် အနာဂတ်လူငယ်များ ကာယ၊ ဉာဏ၊ စာရိတ္တ၊ မိတ္တ၊ ဘောဂဗလငါးတန်ဖွံ့ဖြိုးစေရေးနှင့် စကားဝိုင်းများတွင်ပါဝင်ဆွေးနွေးသည့် အလေ့အကျင့်ကောင်းများရရှိစေရေးအတွက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်းကျင်းပသည့် လူငယ်စကားဝိုင်းဆွေးနွေးပွဲကို ယနေ့မွန်းလွဲ ၁:၀၀ နာရီခန့်က ဘားအံမြို့နယ်၊ အခြေခံပညာအထက်တန်းကျောင်း (ခွဲအုန်းတပင်)သုတအလင်းကျောင်းခန်းမ၌ ကျင်းပပြုလုပ်ရာ ဆရာ/ဆရာမများ၊ ကရင်ပြည်နယ်စာကြည့်တိုက်များဖောင်ဒေးရှင်းဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ ကျောင်းသား/ကျောင်းသူများ စုစုပေါင်း(၁၂၀)ဦးခန့် တက်ရောက်ခဲ့ကြကြောင်း သိရှိရသည်။

ရှေးဦးစွာ ဘားအံခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လက်ထောက်ညွှန်ကြားရေးမှူးဒေါ်စိုးစိုးအေးက လူငယ်စကားဝိုင်းကျင်းပ ပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားပြီးနောက်  လူငယ်စကားဝိုင်းဆွေးနွေးပွဲကို ကျင်းပရာ Moderator အဖြစ် ဘားအံခရိုင်လက်ထောက်ညွှန်ကြားရေးမှူးဒေါ်စိုးစိုးအေးကဆောင်ရွက်ပြီး အ-ထ-က(ခွဲ-အုန်းတပင်)ကျောင်းမှ ကျောင်းသား/ကျောင်းသူများက လူငယ်နှင့်အားကစားနှင့်ကျန်းမာရေး၊ လူငယ်နှင့်စာရိတ္တ၊ လူငယ်နှင့်စာပေ၊ လူငယ်နှင့်ယဉ်ကျေးမှု၊ လူငယ်နှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးခေါင်းစဉ်များဖြင့် အသီးသီးဦးဆောင်ဆွေးနွေးကြပြီး  စကားဝိုင်းဆွေးနွေးပွဲသို့ တက်ရောက်လာသော ကျောင်းသား၊ ကျောင်းသူများက သိရှိလိုသည်များ မေးမြန်းကြရာ စကားဝိုင်းဦးဆောင်ဆွေးနွေးသူ ကျောင်းသား/ ကျောင်းသူများ၊ ကရင်ပြည်နယ်စာကြည့်တိုက်များဖောင်ဒေးရှင်းမှ တာဝန်ရှိသူများက မေးခွန်းများကို  ပြန်လည်ဖြေကြားခဲ့ကြောင်း သိရှိရသည်။

ခရိုင် (ပြန်/ဆက်)