နည်းပညာတက္ကသိုလ်(ဘားအံ) ဘာသာရပ်ပေါင်းစုံအားကစားပြိုင်ပွဲ ဗိုလ်လုပွဲနှင့်ဆုချီးမြှင့်ပွဲအခမ်းအနား ကျင်းပ

ဘားအံ ဇူလိုင် ၁၄

၂၀၂၃-၂၀၂၄ ပညာသင်နှစ်နည်းပညာတက္ကသိုလ်(ဘားအံ)၏ ဘာသာရပ်ပေါင်းစုံအားကစားပြိုင်ပွဲ ဗိုလ်လုပွဲစဉ်နှင့်ဆုချီးမြှင့်ပွဲအခမ်းအနားကို ယမန်နေ့နံနက် ၉ နာရီခန့်က ဘားအံမြို့၊ မိုးလုံလေလုံခန်းမ၌ ကျင်းပသည်။

အဆိုပါ ဘာသာရပ်ပေါင်းစုံအားကစားပြိုင်ပွဲသို့ မြို့ပြအင်ဂျင်နီယာ၊ အီလက်ထရောနစ်အင်ဂျင်နီယာ၊ လျှပ်စစ်စွမ်းအားအင်ဂျင်နီယာ၊ စက်မှုအင်ဂျင်နီယာအစရှိသော ဘာသာရပ်(၄)ခုမှ စစ်တုရင်၊ စားပွဲတင်တင်းနစ်၊ ဘောလီဘော၊ ကြက်တောင်ရိုက်၊ ပိုက်ကျော်ခြင်း အားကစားနည်းတို့တွင် ကျောင်းသား၊ ကျောင်းသူအားကစားသမား(၁၇၆)ဦး ဝင်ရောက်ယှဉ်ပြိုင်ကစားခဲ့ကြပြီး ကရင်ပြည်နယ်ဝန်ကြီးချုပ်ဦးစောမြင့်ဦးက ပြည်နယ်အတွင်းရွက်ပုန်းသီးဘောလုံး အားကစားသမားကောင်းများပေါ်ထွန်းလာစေရေးနှင့် ကျောင်းသား၊ ကျောင်းသူများအနေဖြင့် အားကစားကိုလေ့လာလိုက်စားကစားကြစေခြင်းဖြင့် ဗလငါးတန်ဖွံ့ဖြိုးတိုးတက်လာစေရန် ရည်ရွယ်ကျင်းပသည့် ပြိုင်ပွဲဖြစ်ကြောင်း၊ မိမိတို့လေ့လာသင်ယူသည့် ဘာသာရပ်အလိုက်စာပေဘာသာရပ်များအပြင် လူမှုပေါင်းသင်းဆက်ဆံရေးနှင့် အချင်းချင်းချစ်ကြည်ရင်းနှီးမှုရရှိပြီး အပြန်အလှန်သိတတ်နားလည်မှုများကို အားကစားလေ့ကျင့်ခန်းများဆောင်ရွက်ရာမှ ရရှိနိုင်မည်ဖြစ်သည့်အတွက် အားကစားလှုပ်ရှားမှုများကို မဖြစ်မနေဆောင်ရွက်ကြစေလိုပြီး နိုင်ငံတော်မှအားကိုးအားထားပြုနိုင်သော သားကောင်း၊ သမီးကောင်းများဖြစ်အောင် ကြိုးစားကြစေလိုကြောင်း ပြောကြားသည်။

ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်တာဝန်ရှိသူများသည် အမျိုးသားပိုက်ကျော်ခြင်းပြိုင်ပွဲ ဗိုလ်လုပွဲစဉ်အဖြစ် အီလက်ထရောနစ်အင်ဂျင်နီယာအသင်းနှင့် စက်မှုအင်ဂျင်နီယာအသင်းတို့ ယှဉ်ပြိုင်ကစားမှုကို ကြည့်ရှုအားပေးခဲ့ကြပြီး အဆိုပါပွဲစဉ်တွင် အီလက်ထရောနစ်အင်ဂျင်နီယာအသင်းက နှစ်ပွဲပြတ်ဖြင့် အနိုင်ရဗိုလ်စွဲခဲ့သည်။

ယင်းနောက် ဆုချီးမြှင့်ပွဲအခမ်းအနားကို ဆက်လက်ကျင်းပရာ ပြည်နယ်အစိုးရအဖွဲ့ဝင်ဝန်ကြီးများနှင့် ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်ဒေါ်ခင်ဆွေထွန်းတို့က မေဂျာပေါင်းစုံစစ်တုရင်ပြိုင်ပွဲ၊ စားပွဲတင်တင်းနစ်ပြိုင်ပွဲ၊ ဘောလီဘောပြိုင်ပွဲ၊ ကြက်တောင်ရိုက်ပြိုင်ပွဲနှင့် ပိုက်ကျော်ခြင်းပြိုင်ပွဲတို့တွင် ဆုရရှိကြသူများအား တစ်ဦးချင်းဆုတံဆိပ်နှင့် ဆုဖလားများကိုပေးအပ်ချီးမြှင့်ခဲ့ကြပြီး ပြည်နယ်ဝန်ကြီးချုပ်က မေဂျာပေါင်းစုံပိုက်ကျော်ခြင်းပြိုင်ပွဲတွင် ပထမဆုရရှိသော အီလက်ထရောနစ်အင်ဂျင်နီယာအသင်းအား တစ်ဦးချင်းဆုတံဆိပ်၊ ငွေသားဆုနှင့်ဆုဖလားတို့ကို ပေးအပ်ချီးမြှင့်ခဲ့ကြောင်း သတင်းရရှိသည်။

စောမျိုးမင်းသိန်း(ပြန်/ဆက်)