ပြည်နယ်ဝန်ကြီးချုပ်ဖလား မြို့နယ်ပေါင်းစုံ အသက်(၁၉)နှစ်အောက် အမျိုးသမီးဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲစဉ်နှင့် ဆုချီးမြှင့်ပွဲကျင်းပ၊ လူထုကျန်းမာရေးလုပ်သားသင်တန်းဆင်း

ဘားအံ ဇူလိုင် ၁၃

ကရင်ပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ်ဖလား မြို့နယ်ပေါင်းစုံ အသက်(၁၉)နှစ်အောက် အမျိုးသမီး ဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲစဉ်နှင့် ဆုချီးမြှင့်ပွဲကို ယမန်နေ့ မွန်းလွဲ ၃ နာရီခန့်က ဘားအံမြို့၊ လှာကမြင်ကွက်သစ်ရှိ ဇွဲကပင်အဆင့်မြင့်အားကစားကွင်း၌ ကျင်းပသည်။

ရှေးဦးစွာ ဗိုလ်လုပွဲစဉ်အဖြစ် ဘားအံမြို့နယ် အမျိုးသမီးဘောလုံးအသင်းနှင့် ကော့ကရိတ်မြို့နယ် အမျိုးသမီးဘောလုံးအသင်းတို့ အကြိတ်အနယ်ယှဉ်ပြိုင် ကစားကြရာ ကရင်ပြည်နယ်ဝန်ကြီးချုပ် ဦးစောမြင့်ဦးနှင့်ဇနီး ဒေါ်နန်းဘေဘီမြင့်၊ ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ် ဒေါ်ခင်ဆွေထွန်း၊ ပြည်နယ် အစိုးရအဖွဲ့ဝင်များနှင့်၎င်းတို့၏ ဇနီးများ၊ ပြည်နယ်အဆင့်ဌာနဆိုင်ရာ အကြီးအကဲများ၊ အားကစားဝါသနာရှင်များက ကြည့်ရှုအားပေးခဲ့ကြပြီး အဆိုပါ  ပွဲစဉ်တွင် ဘားအံမြို့နယ် အမျိုးသမီးဘောလုံးအသင်းက သုံးဂိုး၊ နှစ်ဂိုးဖြင့် အနိုင်ရဗိုလ်စွဲခဲ့သည်။

ဗိုလ်လုပွဲစဉ်အပြီးတွင် ဆုချီးမြှင့်ပွဲအခမ်းအနားကို ဆက်လက်ကျင်းပရာ ပြည်နယ်ဘောလုံး အားကစား ဆပ်ကော်မတီဥက္ကဋ္ဌ ပြည်နယ်လမ်းဦးစီးဌာန ညွှန်ကြားရေးမှူးနှင့် စေတနာရှင်များက ဗွေဆော်ဦးဂိုးသွင်းဆု၊ ချေပဂိုးဆုနှင့် အနိုင်ဂိုးဆုများကိုလည်းကောင်း၊ ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ်၊ ပြည်နယ်အစိုးရအဖွဲ့ဝင်ဝန်ကြီးများနှင့်၎င်းတို့၏ ဇနီးများက ကြက်ခြေနီသူနာပြုတပ်ဖွဲ့နှင့် ဒိုင်အဖွဲ့တို့အားဂုဏ်ပြုဆု၊ ဗိုလ်လုပွဲနေ့အကောင်းဆုံး အားကစားသမားဆု၊ တစ်ဦးချင်းလည်ဆွဲဆု၊ နေရာအလိုက်အကောင်းဆုံးအားကစားဆုများနှင့် တတိယဆုရရှိသော လှိုင်းဘွဲမြို့နယ် အသင်းအား ငွေသားဆုနှင့် ဆုကလပ်များကို ပေးအပ်ချီးမြှင့်ခဲ့ကြပြီး ပြည်နယ်ဝန်ကြီးချုပ်၏ဇနီး ဒေါ်နန်းဘေဘီမြင့်က ဒုတိယဆုရရှိသော ကော့ကရိတ်မြို့နယ် အမျိုးသမီး ဘောလုံးအသင်းအား ငွေသားဆုနှင့် ဆုကလပ်ကို ပေးအပ်ချီးမြှင့်ကာ ပြည်နယ်ဝန်ကြီးချုပ်က အနိုင်ရဗိုလ်စွဲသွားသော ဘားအံမြို့နယ် အမျိုးသမီးဘောလုံး အသင်းအား ငွေသားဆု(၁၀)သိန်းကျပ်နှင့် တံခွန်စိုက်ဆုဖလားတို့ကို ပေးအပ်ချီးမြှင့် ခဲ့ကြသည်။

ဆက်လက်၍ ကျေးလက်တောရွာ ဒေသများတွင်ရှိသည့် ပြည်သူလူထုကို ပဏာမကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ပိုမိုအားကောင်းလာစေပြီး လွှမ်းခြုံမှု မြင့်မားလာစေရေးအတွက် ကရင်ပြည်နယ်အစိုးရအဖွဲ့မှ ကြီးမှူးဖွင့်လှစ်သော လူထုကျန်းမာရေးလုပ်သားသင်တန်း အမှတ်စဉ်(၂/၂၀၂၃)ဆင်းပွဲကို ဇူလိုင်လ ၁၃ ရက်နေ့ နံနက် ၈ နာရီ ခန့်က ဘားအံမြို့နယ်၊ တရုတ်လှတိုက်နယ်ဆေးရုံ၌ ကျင်းပသည်။

သင်တန်းဆင်းပွဲတွင် ကရင်ပြည်နယ်ဝန်ကြီးချုပ်ဦးစောမြင့်ဦးက ယနေ့သင်တန်းဆင်းကြမည့် လူထုကျန်းမာရေးလုပ်သားများအနေဖြင့် ကျန်းမာရေး စောင့်ရှောက်မှု အနည်းငယ်သာရရှိသည့် လက်လှမ်းမမီသော ကျေးလက်တောရွာဒေသများတွင် ပဏာမကျန်းမာရေးလုပ်ငန်းများ၊ အခြေခံကျန်းမာရေးလုပ်ငန်း များကို အခြေခံကျန်းမာရေးဝန်ထမ်းများနှင့် ပူးပေါင်းဆောင်ရွက်ကြရန် တိုက်တွန်းလိုကြောင်း၊ သင်ကြားလေ့လာခဲ့ရသည့် သင်ခန်းစာများကို အကျိုးရှိအောင် ပြန်လည်အသုံးချ၍ တိုင်းပြည်နှင့်လူမျိုးအကျိုးကို တတ်စွမ်းသည့်နေရာမှ ပူးပေါင်းပါဝင်ဆောင်ရွက်ကြစေလိုကြောင်း ပြောကြားသည်။

ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်က သင်တန်းထူးချွန်ဆု ပထမ၊ ဒုတိယ၊ တတိယရရှိသူများအား ဂုဏ်ပြုဆုများ ပေးအပ်ချီးမြှင့်ပြီး သင်တန်းသား၊ သင်တန်းသူ ၂၁ ဦးအတွက် လူထုကျန်းမာရေးလုပ်သားဝတ်စုံများ ပေးအပ်ချီးမြှင့်ကာ သင်ကြားပြသပေးသော ဆရာ၊ ဆရာမများအတွက် ဂုဏ်ပြုလက်ဆောင်များ ပေးအပ် ချီးမြှင့်သည်။

ယင်းနောက် သင်တန်းသား၊ သင်တန်းသူများကိုယ်စား သင်တန်းသူတစ်ဦးက ကျေးဇူးတင်စကား ပြန်လည်ပြောကြားပြီး ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ်၊ ပြည်နယ် အစိုးရအဖွဲ့ဝင်များ၊ တာဝန်ရှိသူများသည် သင်တန်းသား၊ သင်တန်းသူများနှင့်အတူ စုပေါင်းမှတ်တမ်း ဓာတ်ပုံရိုက်ကူးခဲ့ကြပြီး ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် သင်တန်းသား၊ သင်တန်းသူများအား တစ်ဦးချင်းရင်းရင်းနှီးနှီး တွေ့ဆုံနှုတ်ဆက်၍ အားပေးစကားများ ပြောကြားခဲ့ကြောင်း သတင်းရသည်။

စောမျိုးမင်းသိန်း(ပြန်/ဆက်)