ဟားခါးမြို့နယ်နှင့် ဝန်းကျင်ဒေသအချို့တွင် မြေပြိုတောင်ပြိုမှုများနှင့် ပတ်သက်၍ အင်ဂျင်နီယာ ဘူမိဗေဒဆိုင်ရာ အစီရင်ခံစာပါအချက်အလက်များ ရှင်းလင်းတင်ပြခြင်း အခမ်းအနားသို့ ချင်းပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာဝုန်ဆွန်းထန် တက်ရောက်

ဟားခါး ဇူလိုင် ၁၃

ဟားခါးမြို့နယ်နှင့် ဝန်းကျင်ဒေသအချို့တွင် မြေပြိုတောင်ပြိုမှုများနှင့် ပတ်သက်၍ အင်ဂျင်နီယာ ဘူမိဗေဒဆိုင်ရာ အစီရင်ခံစာပါ အချက်အလက်များ ရှင်းလင်းတင်ပြခြင်း အခမ်းအနားကို ယနေ့ နံနက် ၁၀ နာရီက ဟားခါးမြို့၊ ချင်းပြည်နယ်အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ၌ ကျင်းပရာ ချင်းပြည်နယ် ဝန်ကြီးချုပ် ဒေါက်တာဝုန်ဆွန်းထန်၊ ချင်းပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ ပြည်နယ်ဥပဒေချုပ် ဦးဆွန်ဒုတ်ကျင်၊ ပြည်နယ်အစိုးရအဖွဲ့အတွင်းရေးမှူး ဦးမောင်မောင်ဆန်းနှင့် ပြည်နယ်အဆင့်ဌာန ဆိုင်ရာတာဝန်ရှိသူများ တက်ရောက်ကြသည်။

ရှေးဦးစွာ ချင်းပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာဝုန်ဆွန်းထန်က အဖွင့်အမှာစကား ပြောကြားပြီး နောက် ချင်းပြည်နယ်သတ္တုတွင်းဦးစီးဌာနမှ ဒုတိယညွှန်ကြား ရေးမှူး ဦးသိန်းဝင်းက မြေပြိုတောင်ပြိုခြင်းကို လျော့နည်းစေရန် ဆောင်ရွက်ရမည့်နည်းလမ်းများ၊ မြေပြိုတော့မည့် နိမိတ် လက္ခဏာအချက်(၁၇) ချက်၊ မြေပြိုတောင်ပြိုမှုကို စောင့်ကြည့်စစ်ဆေးခြင်းနှင့် သတိပေးစနစ်များ ထားရှိမှုအခြေအနေ၊ မြေပြိုတောင်ပြိုမှုဘေးအန္တရာယ်မှ ကင်းဝေးစေရန် အကြံပြုချက် (၆) ချက်၊ ဟားခါးမြို့ မြေပြိုတောင်ပြိုမှုများအတွက် ရေးဆွဲအကြံပြုထားသည့် အန္တရာယ်ဇုံပြမြေပုံ၊ ဟားခါးမြို့ မြေပြိုတောင်ပြိုမှုအတွက် ပြောင်းရွှေ့နေရာ ချထားရေးနှင့် ပတ်သက်၍ အကြံပြုချက် စသည့်အချက် များပါဝင်သည့် ဟားခါးမြို့နယ်နှင့် ဝန်းကျင်ဒေသအချို့တွင် မြေပြိုတောင်ပြိုမှုများနှင့် ပတ်သက်၍ အင်ဂျင်နီယာဘူမိဗေဒဆိုင်ရာအစီရင်ခံစာပါ အချက်အလက်များကို Power Point ဖြင့် ရှင်းလင်း တင်ပြသည်။

ထို့နောက် ရှင်းလင်းတင်ပြချက်များအပေါ် လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး ဟန်ဝင်းအောင်၊ သယံဇာတရေးရာဝန်ကြီး ဦးကျော်ငြိမ်း၊ ပြည်နယ် ဥပဒေချုပ် ဦးဆွန်ဒုတ်ကျင်၊  ပြည်နယ်အစိုးရအဖွဲ့ အတွင်းရေးမှူး ဦးမောင်မောင်ဆန်းနှင့် ပြည်နယ်အဆင့် ဌာနဆိုင်ရာတာဝန်ရှိ သူများက ဖြည့်စွက်ရှင်းလင်း ဆွေးနွေးတင်ပြကြပြီး ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာဝုန်ဆွန်းထန်က လိုအပ်ချက်များ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးကာ နိဂုံးချုပ်အမှာစကားပြောကြားခဲ့ ကြောင်း သိရသည်။

ခရိုင် (ပြန်/ဆက်)