အောင်လံ ဇူလိုင် ၁၃
မကွေးတိုင်းဒေသကြီး၊ အောင်လံခရိုင်၊ အောင်လံမြို့နယ်၌ တိုင်းဒေသကြီးဝန်ကြီးချုပ် သီရိပျံချီဦးတင့်လွင်နှင့် တိုင်းဒေသကြီးအစိုးရအဖွဲ့ လူမှုရေးဝန်ကြီး၊ တိုင်း၊ ခရိုင်၊ မြို့နယ်အဆင့်ဌာနဆိုင်ရာ တာဝန်ရှိသူတို့သည် ယမန်နေ့ နံနက် ၁၀ နာရီက အောင်လံမြို့နယ်၊ ပြလို့မြို့ အခြေခံပညာအထက်တန်းကျောင်းတွင် ကျောင်းဖွင့်ပွဲနှင့်ကျောင်းဆောင်သစ်လွှဲပြောင်းပေးအပ်ပွဲ အခမ်းအနားသို့ လာရောက်ဖွင့်လှစ်ခဲ့သည်။
ရှေးဦးစွာ စက်မှုစိုက်ပျိုးမွေးမြူရေး အထက်တန်းကျောင်းဆောင်သစ်ဖွင့်ပွဲအခမ်းအနားကျင်းပရာ တိုင်းဒေသကြီးဝန်ကြီးချုပ်သီရိပျံချီဦးတင့်လွင်က ကျောင်းအဝင်ဆိုင်းဘုတ်အား စက်ခလုတ်နှိပ်ဖွင့်လှစ်ပြီး ဆက်လက်၍တိုင်းဒေသကြီးဝန်ကြီးချုပ်၊ လူမှုရေးရာဝန်ကြီးနှင့်တိုင်း၊ ခရိုင်အဆင့်ဌာနဆိုင်ရာတာဝန်ရှိသူများက ဖဲကြိုးဖွင့်လှစ်ပေးပြီး ကျောင်းဆောင်သစ် ကဗ္ဗည်းမော်ကွန်းအား အမွှေးနံ့သာများ ပက်ဖြန်းပေးခဲ့သည်။
ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်တာဝန်ရှိသူများသည် ကျောင်းဆောင်သစ်အား လှည့်လည်ကြည့်ရှု၍ ကျောင်းသား၊ ကျောင်းသူများနှင့်တွေ့ဆုံကာ အားပေးစကားများပြောကြားပြီး စိုက်ပျိုးရေးတွင် တက်ရောက်နေသောကျောင်းသား၊ ကျောင်းသူများအားစာအုပ်များထောက်ပံ့ပေးခဲ့ပြီး စက်မှုစိုက်ပျိုးရေးနှင့်မွေးမြူရေးကျောင်း၌ သင်ထောက်ကူပစ္စည်းများ ခင်းကျင်းပြသထားမှုအားကြည့်ရှု၍ လိုအပ်သည်များကို ဆက်လက်ဖြည့်တင်းဆောင်ရွက်သွားရန်မှာကြားခဲ့သည်။
ဆက်လက်၍ ကျောင်းဆောင်သစ်လွှဲပြောင်းပေးအပ်ပွဲကို အ-ထ-က(ပြလို့)ကျောင်းခန်းမ၌ကျင်းပရာ တိုင်းဒေသကြီးဝန်ကြီးချုပ်ဦးတင့်လွင်က အဖွင့်မှာစကားပြောကြားရာတွင် အလယ်တန်းအဆင့်(Grade-9) ပြီးမြောက်အောင်မြင်သော ကျောင်းသား၊ ကျောင်းသူများ စက်မှု၊ စိုက်ပျိုး၊ မွေးမြူရေး ပညာရပ်များကိုလေ့လာသင်ယူနိုင်ရေးအတွက် နိုင်ငံတစ်ဝန်းရှိ ခရိုင်(၅၀)က မြို့နယ်များရှိ အခြေခံပညာအထက်တန်းကျောင်း(၅၁)ကျောင်း၌ တွဲဖက်ဖွင့်လှစ်ပြီး သင်ကြားပို့ချပေးလျက်ရှိကြောင်း၊ မကွေးတိုင်းဒေသကြီးအတွင်း ခရိုင်(၄)ခရိုင်၌ ကျောင်းပေါင်း(၄)ကျောင်းဖွင့်လှစ်ခဲ့ရာမှ ယခုကျောင်းဆောင်သစ်လွှဲပြောင်းပေးအပ်ပွဲနှင့် ကျောင်းဖွင့်ပွဲကျင်းပတဲ့ ပြလို့မြို့ အခြေခံပညာအထက်တန်းကျောင်း တည်ဆောက်ဖွင့်လှစ်ရရှိခြင်းအတွက်ကိုလည်း ဒေသခံများနှင့်အတူ ဒေသအတွင်းရှိ ကျောင်းသား၊ ကျောင်းသူများ လက်လှမ်းမှီသင်ယူခွင့်ရရှိခြင်းအတွက် များစွာဝမ်းမြောက်မှုဖြစ်ရပါကြောင်း၊ ကျောင်းသား၊ ကျောင်းသူများကလည်း ဆရာ၊ ဆရာမများ၏ သင်ကြားပြသဆိုဆုံးမမှုများကိုနာခံ၍ ပညာတတ်လူတော် လူကောင်းများဖြစ်အောင် စည်းကမ်းရှိရှိကြိုးစားသင်ယူပြီး ဘာသာရပ်များအလိုက် မိမိတို့စိတ်ပါဝင်စားသည့် ရည်မှန်းချက်များအကောင်အထည်ဖော်ကြိုးစားသွားကြ သွားဖို့နဲ့ ဒီဒေသကကျောင်းသား၊ ကျောင်းသူတွေအနေနဲ့ မိဘနဲ့ရင်အုပ်မကွာ သက်မွေးဝမ်းကျောင်း အဆင့်မြင့်ပညာသင်ယူခွင့်ရလို့ ဒေသခံများအနေဖြင့် ဂုဏ်ယူဝင့်ကြွားနိုင်မှုနှင့်အတူ တက်ညီလက်ညီပူးပေါင်းပါဝင်ပြီး ကျောင်းတော်ကြီးရဲ့ရည်ရွယ်ချက်များ ပေါက်မြောက်အောင်မြင်အောင် ဒေသရဲ့အနာဂတ် စီးပွားရေးအထောက်အပံ့ကောင်းတွေ ဖြစ်လာအောင်ပါဝင်ကြိုးပမ်းပေးကြဖို့ တိုက်တွန်းမှာကြားလိုကြောင်း စသည်ဖြင့်ပြောကြားခဲ့သည်။
ဆက်လက်ပြီး မကွေးအောင်မင်း(တည်ဆောက်ရေးကုမ္ပဏီ)မှ တာဝန်ရှိသူက ကျောင်းဆောင်သစ်အလွဲအပြောင်းမှတ်တမ်းကို မြို့နယ်ပညာရေးမှူး ဦးချစ်လွင်ထံလွှဲပြောင်းပေးအပ်ကာ ရပ်မိရပ်ဖတစ်ဦးက ကျေးဇူးတင်စကားပြောကြားခဲ့ပြီး မကွေးအောင်မင်း(ဆောက်လုပ်ရေးကုမ္ပဏီ)မှတာဝန်ရှိသူက ကျောင်းဆောင်သစ်လွှဲပြောင်းပေးအပ်ပွဲ အထိမ်းအမှတ်အလံအား တိုင်းဒေသကြီးဝန်ကြီးချုပ်ထံ ပေးအပ်ခဲ့ကြောင်း သိရသည်။
မျိုးသိန်း(ပြန်ဆက်)