ဖလမ်း ဇူလိုင် ၁၃
၂၀၂၃ခုနှစ်၊ ဇူလိုင်လ ၁၉ ရက်နေ့တွင် ကျရောက်မည့် (၇၆)နှစ်မြောက် အာဇာနည်နေ့ အထိမ်းအမှတ် ဟောပြောပွဲ၊ စာစီစာကုံး၊ ကဗျာ၊ ဆောင်းပါးပြိုင်ပွဲကို ယနေ့နံနက်ပိုင်းက ဖလမ်းမြို့၊ အမှတ်(၂) အခြေခံပညာ အထက်တန်းကျောင်း၌ ကျင်းပပြုလုပ်ကြောင်း သိရသည်။
ဟောပြောပွဲတွင် အမှတ်(၂)အခြေခံပညာ အထက်တန်းကျောင်း၊ အထက်တန်းပြ၊ Grade-12 ၊ မြန်မာစာဆရာမဒေါ်ဆွီးသင်ကျဲရ်က တိုင်းပြည်လွတ်လပ်ရေးရရှိရေး ကြိုးပမ်းဆောင်ရွက်မှုများ၊ အာဇာနည်ခေါင်းဆောင်ကြီးများ အကြောင်းသိကောင်းစရာ၊ နောင်လာနောက်သား ကျောင်းသား/သူများ အတုယူတတ်စေရေး၊ လွတ်လပ်ရေးတည်တံ့ခိုင်မြဲအောင် ကာကွယ် ထိန်းသိမ်းစောင့်ရှောက်ရေး၊ မိမိကိုယ်ကိုကောင်းအောင် စောင့်ထိန်းသိမ်းရေး အကြောင်းအရာ များဖြင့် ဟောပြောဆွေးနွေးသည်။
ဆက်လက်၍ မွန်းလွဲ(၁)နာရီအချိန်တွင် အထက်တန်း၊ အလယ်တန်းနှင့် မူလတန်းအဆင့် စာစီစာကုံး၊ ကဗျာ၊ ဆောင်းပါးပြိုင်ပွဲကို ကျင်းပရာ ကျောင်းသား/ကျောင်းသူ(၂၈)ဦးက ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြသည်။
အလားတူ အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်းနှင့် အမှတ်(၃)အခြေခံပညာအထက်တန်းကျောင်းများတွင်လည်း ဇူလိုင်လ ၁၂ ရက်နေ့က ဟောပြောပွဲကိုလည်းကောင်း၊ ဇူလိုင်လ ၁၃ ရက်နေ့တွင် စာစီစာကုံး၊ ကဗျာ၊ ဆောင်းပါးပြိုင်ပွဲများကို ဆောင်ရွက်ခဲ့ကြသည်။
ဖလမ်းမြို့တွင် (၇၆)နှစ်မြောက် အာဇာနည်နေ့ အထိမ်းအမှတ် အထက်တန်း၊ အလယ်တန်းနှင့် မူလတန်းအဆင့် စာစီစာကုံး၊ ကဗျာနှင့်ဆောင်းပါးပြိုင်ပွဲတွင် ကျောင်းသား/သူ စုစုပေါင်း( ၈၁)ဦး ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြကြောင်း သိရသည်။
ရဲမြင့်အောင်