လွိုင်ကော် အောက်တိုဘာ ၁၂
၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အောင်မြင်စွာ ကျင်းပနိုင်ရန်အတွက် ကယား ပြည်နယ်အတွင်းတွင် မဲရုံပေါင်း ၂၃၃ ရုံရှိပြီး ပြည်နယ်အတွင်းရှိ အခြေခံပညာရေးဦးစီးဌာနမှ မဲရုံမှူး၊ မဲရုံအဖွဲ့ဝင်များအဖြစ် ဆရာ၊ ဆရာမ ၃၅၀၀၁ ဦးအား တာဝန်ပေးဆောင်ရွက်သွားမည်ဖြစ်သည်။
“မဲရုံတစ်ရုံမှာ မဲရုံမှူး၊ မဲရုံအဖွဲ့ဝင် အပါအဝင် ပျှမ်းမျှအားဖြင့့် ဆရာ၊ ဆရာမ ၁၂ ဦး တာဝန်ပေး ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ ဆရာ၊ ဆရာမများအနေဖြင့် မဲရုံများကို တာဝန်ထမ်းဆောင်နိုင်ရန် အတွက် သက်ဆိုင်ရာ မြို့နယ်ပညာရေးမှူးမှ တစ်ဆင့် မြို့နယ်ကော်မရှင်အဖွဲ့ခွဲသို့ အမည်စာရင်းများ ပေးပို့ထားပြီဖြစ်ကြောင်း၊ ကိုဗစ်-၁၉ ကာလအတွင်း ကျန်းမာရေးညွှန်ကြားချက်များနှင့်အညီ သွားလာ ခက်ခဲသည့် နေရာများ၊ ပြည်နယ်ပြင်ပရောက်ဆရာ၊ ဆရာမများအား အတတ်နိုင်ဆုံး တာဝန်မပေးပဲ၊ ဒေသခံဆရာ၊ ဆရာမများကို ဦးစားပေး တာဝန်ပေးထားကြောင်း၊ အသက်အရွယ်ကြီးသည့် ဆရာ၊ ဆရာမများ၊ ကျန်းမာရေးမကောင်းမွန်သည့် ဆရာ၊ ဆရာမများအား အတတ်နိုင်ဆုံး တာဝန်မပေးပဲ ဆောင်ရွက်ထားကြောင်း၊ တာဝန်ပေးဆောင်ရွက်သွားမည့် ဆရာ၊ ဆရာမများအနေဖြင့် မဲရုံလုပ်ငန်းနှင့် ပတ်သက်၍ သက်ဆိုင်ရာ ကော်မရှင်မှ ထုတ်ပြန်ထားသည့် မဲရုံမှူး၊ မဲရုံခွဲအဖွဲ့ဝင်များ လိုက်နာ ဆောင်ရွက်ရမည့် လုပ်ငန်းများ၊ မဲရုံကိစ္စနဲ့ပတ်သက်၍ သင်တန်းပေးရာတွင် သင်ယူဆွေးနွေး သင်တန်း ပေးသည့် ညွှန်ကြားချက်များအတိုင်း ဆောင်ရွက်သွားရန် ဆရာ၊ ဆရာမများအား လမ်းညွှန်မှာကြား ထားကြောင်း” ကယားပြည်နယ် ပညာရေးဦးစီးဌာန၊ ပြည်နယ်ပညာရေး ညွှန်ကြားရေးမှူး ဦးလူစိယားနိုက ပြောကြားခဲ့သည်။
မြို့နယ်အလိုက် ဆရာ၊ ဆရာမများအား တာဝန်ပေးဆောင်ရွက်ရာတွင် လွိုင်ကော်မြို့နယ်၌ မဲရုံပေါင်း ၈၁ ရုံရှိပြီး ဆရာ၊ ဆရာမ ၁၃၅၃ ဦး ၊ ဒီးမော့ဆိုမြို့နယ်၌ မဲရုံးပေါင်း ၆၄ ရုံရှိပြီး ဆရာ၊ ဆရာမ ၉၇၀ ဦး ၊ ဖရူဆိုမြို့နယ်၌ မဲရုံပေါင်း ၃၇ ရုံရှိပြီး ဆရာ၊ ဆရာမ ၅၀၅ ဦး၊ ရှားတောမြို့နယ်၌ မဲရုံပေါင်း ၉ ရုံရှိပြီး ဆရာ၊ ဆရာမ ၁၁၂ ဦး၊ ဘောလခဲမြို့နယ်၌ မဲရုံပေါင်း ၁၆ ရုံရှိပြီး ဆရာ၊ ဆရာမ ၂၁၂ ဦး၊ ဖားဆောင်း မြို့နယ်၌ မဲရုံပေါင်း ၁၇ ရုံရှိပြီး ဆရာ၊ ဆရာမ ၂၄၁ ဦး၊ မယ်စဲ့မြို့နယ်၌ မဲရုံပေါင်း ၉ ရုံရှိပြီး ဆရာ၊ဆရာမ ၁၀၈ ဦး တို့အား တာဝန်ပေးဆောင်ရွက်သွားမည်ဖြစ်ကြောင်း ကယားပြည်နယ် ပညာရေးဦးစီးဌာန၊ ပြည်နယ်ပညာရေး ညွှန်ကြားရေးမှူး ဦးလူစိယားနိုထံမှ သိရသည်။
စိုးလှိုင်ဌေး(ပြန်/ဆက်)