ဝန်းသိုမြို့နယ်တွင် သဘာဝပိုးသတ်ဆေးနှင့် သဘာဝမြေဩဇာ ပြုလုပ်သုံးစွဲနည်း လက်တွေ့ ပြသ

ဝန်းသို အောက်တိုဘာ ၁၂

စစ်ကိုင်းတိုင်းဒေသကြီး၊ ကောလင်းခရိုင်၊ ဝန်းသိုမြို့နယ်၊အုပ်ဖိုကျေးရွာတွင် တောင်သူ ဦးကြီးများ ဓါတုပိုးသတ်ဆေးများကို လျော့ချသုံးစွဲနိုင်စေရန်နှင့် ဓါတ်မြေဩဇာလျော့ချ သုံးစွဲနိုင်စေရန် ရည်ရွယ်၍ သဘာဝပိုးသတ်ဆေးနှင့် စူပါဘိုကာရှီမြေဆွေး ပြုလုပ်သုံးစွဲနည်း တို့ကို ယနေ့ မွန်းလွဲ ၁ နာရီအချိန်က မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ ဒုတိယဦးစီးမှူး ဦးစိုးကျော်ဦးနှင့် ဝန်ထမ်းများက လက်တွေ့ပြုလုပ်ပြသပေးခဲ့ကြောင်း သိရသည်။

ထိုသို့ပြုလုပ်ရာတွင် အီးအမ်အပြင်း (၁)ဆ၊ တင်လဲရည် (၁)ဆ၊ ရှာလကာရည်(၁)ဆ၊ အရက်ဦးရည်(၁)ဆ၊ ရေ(၆)ဆဖြင့်ပြုလုပ်သော အီးအမ်(၅)သဘာဝပိုးသတ် ဆေး(သို့) ပိုးပြေးဆေးကို လည်းကောင်း၊ နွားချေး ၄တင်း၊ ဖြဲခြံ (စပါးခြံ) ၂တင်း၊ ဖွဲပြာ ၂တင်း၊ ဖွဲနု ၂တင်း၊ တင်လဲရည် ၁၅၀စီစီ၊ အီးအမ်အပြင်း ၁၅၀စီစီ၊ ရေ ၄ဂါလံနှင့် ပဲဖတ်မုန့် ၂ ပိဿစသည်တို့ဖြင့ ်ပေါင်းစပ်၍ စူပါဘိုကာရှီ မြေဆွေး ပြုလုပ်သုံးစွဲနည်းတို့ကို လက်တွေ့ ပြသခဲ့ရာ  စိန်လည်၊ ရှမ်းစု၊ သရက်အိုက်၊ အုပ်ဖိုကျေးရွာများမှ စိတ်ပါဝင်စားသော တောင်သူများမှ လက်တွေ့ပူးပေါင်း ဆောင်ရွက်ခဲ့ကြသည်။

“သဘာဝပိုးသတ်ဆေးကို ပြုလုပ်ပြီး ၅ရက်နှင့်၇ရက်ပြည့်လျှင် သီးနှံစိုက်ခင်းများတွင် သုံးစွဲနိုင်ပြီး ပိုးမကျခင် ၁၅ရက်လျှင် တစ်ကြိမ် ပုံမှန်ဖျန်းပေးခြင်းဖြင့် ပိုးမွှားအန္တရာယ်မှ ကင်းဝေးပြီး ဓာတုပိုးသတ်ဆေးများကို သုံးထားသည့် စိုက်ခင်းများတွင် သဘာဝပိုးသတ်ဆေးကို သုံးစွဲခြင်းအားဖြင့် ဓာတု ဓာတ်ကြွင်းများမကျန်ရှိတော့ခြင်း ထူးခြားချက်ကတော့သီးနှံ၏ အရည်အသွေးကို တိုးတက်စေပါတယ်”ဟု ဒုတိယဦးစီးမှူး ဦးစိုးကျော်ဦးကပြောသည်။

စူပါဘိုကာရွီကေတာ ပြုလုပ်ပြီး ၅ရက်ပြည့်လျှင် သီးနှံစိုက်ခင်းအတွင်း ထွန်ယက်ချိန်တွင် လည်းကောင်း၊ စိုက်နေချိန်တွင် လည်းကောင်း အသုံးပြုနိုင်ကြောင်း အီးအမ်ဘိုကာရှီကတော့ ၂လကြာမှ အသုံးပြုလို့ရသည့်အတွက် ကုန်ကျစရိတ် နည်းနည်း များ ပေမယ့် စူပါဘိုကာရှီကို တောင်သူများက ပိုမိုပြုလုပ်သုံးစွဲကြပြီး စိတ်ဝင်စားကြကြောင်း “၎င်းကဆက်ပြောသည်။

ဝန်းသိုမြို့နယ်တွင် ၂၀၂၀ပြည့်နှစ် မိုးစပါးစိုက်ဧက ၃၈၉၈၉ ဧကစိုက်ပျိုးထားရှိပြီး ကိုဗစ်-၁၉ စီးပွားရေးကုစားမှု CERP အစီအစဉ်ဖြင့် မိုးစပါးမျိုးသန့်မျိုးစေ့ထုတ်ကွက် ၂၅၀ ဧက စိုက်ပျိုးထား ထားရှိကြောင်း သိရသည်။

မြင့်ထွန်းမင်း (ကောလင်း)