ပွင့်ဖြူမြို့နယ် မင်းမြေ(၂)ကျေးရွာ၌ ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်း(VDP) စီမံကိန်းရန်ပုံငွေဖြင့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းအကောင်အထည်ဖော်ဆောင်ရွက်နိုင်ရေး ဒေသခံပြည်သူများနှင့်တွေ့ဆုံဆွေးနွေး

ပွင့်ဖြူ       ဇူလိုင်      ၁၃

မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ်မင်းမြေကျေးရွာအုပ်စု၊ မင်းမြေ(၂)ကျေးရွာရှိ ဒေသခံပြည်သူများ လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်စေရန်ရည်ရွယ်၍  ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်း(VDP) စီမံကိန်းရန်ပုံငွေဖြင့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရေးအတွက် ယနေ့နံနက် ၉ နာရီခွဲက မြို့နယ်ဦးစီးမှူးနှင့် ဝန်ထမ်းများက ဒေသခံပြည်သူများနှင့်တွေ့ဆုံ၍ စီမံကိန်းလုပ်ငန်းများအကြောင်း ရှင်းလင်းဆွေးနွေးခဲ့ကြောင်း သိရသည်။

ထိုသို့ တွေ့ဆုံဆွေးနွေးရာတွင် ဦးစွာပွင့်ဖြူမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူးဦးလှဌေးမောင်က ယခု ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ်တွင် ကျေးလက်နေပြည်သူများ လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်စေရေးအတွက် ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်း(VDP) စီမံကိန်းရန်ပုံငွေဖြင့် ကျေးရွာ၏အဓိကလိုအပ်ချက်ဖြစ်သည့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများကို ဦးစားပေးအကောင်အထည်ဖော် ဆောင်ရွက်ပေးသွားမည်ဖြစ်ပါကြောင်း၊ ထိုသို့ကျေးရွာဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်ခြင်းကိုလည်း ကျေးရွာနေပြည်သူများ လုပ်ငန်းစွမ်းဆောင်ရည် တိုးတက်မြင့်မားရေး ၊ အဖွဲ့အစည်းများအကြား ပူးပေါင်းပါဝင် ဆောင်ရွက်တတ်သည့်အလေ့အကျင့်ကောင်းများရရှိစေရေး ၊ တာဝန်ယူမှုတာဝန်ခံမှုစိတ်များ လုပ်ကိုင်ဆောင်ရွက်တတ်စေရန်နှင့် စီမံခန့်ခွဲမှုနည်းစနစ်များ ကျွမ်းကျင်တတ်မြောက်စေရန် ကျေးရွာနေပြည်သူများကိုယ်တိုင်ဦးဆောင်ကာ အကောင်အထည်ဖော် ဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ စီမံကိန်းလုပ်ငန်းများဆောင်ရွက်ရာ၌ သတ်မှတ်ထားသည့် စည်းကမ်းချက်များအတိုင်း စနစ်တကျအောင်မြင်အောင် ကြိုးပမ်းဆောင်ရွက်ကြစေလိုကြောင်း ရှင်းလင်းဆွေးနွေးပြောကြားသည်။

ဆက်လက်၍ မြို့နယ်ဦးစီးမှူးနှင့် ဝန်ထမ်းများက ပွင့်ဖြူမြို့နယ် မင်းမြေကျေးရွာအုပ်စု ၊ မင်းမြေ(၂)ကျေးရွာ၌ ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်း(VDP) စီမံကိန်းရန်ပုံငွေဖြင့် ကျေးရွာနေပြည်သူများမှ ဆောင်ရွက်ပေးရန် တင်ပြလာသော ကျေးရွာတွင်းလမ်း အဆင့်မြှင့်တင်ခြင်းလုပ်ငန်းနှင့်စပ်လျဉ်းပြီး အတည်ပြုရွေးချယ်ကာ စီမံကိန်းမူဘောင်များနှင့်အညီ စနစ်တကျဆောင်ရွက်နိုင်ရေး လိုအပ်သည်များကို ဖြည့်စွက်ရှင်းလင်းဆွေးနွေးခဲ့သည်။

ပွင့်ဖြူမြို့နယ်၌ ယခု ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ်တွင် ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်း (VDP)စီမံကိန်းရန်ပုံငွေဖြင့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ အကောင်အထည်ဖော်ဆောင်ရွက်သွားမည့်ကျေးရွာများမှာ ပွင့်ဖြူမြို့နယ်မင်းမြေ(၂)ကျေးရွာ၊ ဘူးသည်ကျေးရွာ၊ ကျီးကန်ကျေးရွာ၊ ဘုရားကုန်းကျေးရွာ၊ မကျီးစုကျေးရွာ၊ မင်းဇံကျေးရွာနှင့် မကျီးကုန်းကျေးရွာတို့ဖြစ်ကြောင်းသိရကာ ကျေးရွာတစ်လျှင် စီမံကိန်းရန်ပုံငွေကျပ် သိန်း(၁၅၀)စီထောက်ပံ့ပေးပြီး ဌာနမှအနီးကပ်ကြီးကြပ်ကာ ကျေးရွာပြည်သူလူထုကိုယ်တိုင် ဦးဆောင်၍ တာဝန်ယူဆောင်ရွက်လုပ်ကိုင်သွားမည်ဖြစ်ကြောင်း ပွင့်ဖြူမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူးဦးလှဌေးမောင်က ပြောသည်။

လှိုင်ဝင်းလေး ( ပွင့်ဖြူမြေ )