ဘားအံ ဇူလိုင် ၁၃
ကရင်ပြည်နယ် စားသုံးသူရေးရာကော်မတီ၏ ကြီးကြပ်မှုဖြင့် ယနေ့နံနက် ၁၀ နာရီတွင် ဘားအံမြို့ပေါ်ရှိ ကုန်တိုက်များနှင့်ရေပေါ်စျေးတို့တွင် ပြည်နယ်စားသုံးသူရေးရာ ကော်မတီဝင်များမှ ကုန်စည်များ၏ ဘေးအန္တရာယ်ကင်းရှင်းရေး၊ ကုန်အညွှန်းအမှတ်အသား ဆိုင်ရာ သတ်မှတ်ချက်များနှင့်အညီ ဆောင်ရွက်နိုင်စေရေး၊ စားသုံးသူများနှင့် စီးပွားရေး လုပ်ငန်းရှင်များကြား သတိပေးချက်တစ်ခု ဖြစ်စေနိုင်ရန်နှင့် စားသုံးသူများအတွက် ဘေးအန္တရာယ် ကင်းရှင်းသော ကုန်စည်များကိုသာ ဝယ်ယူရရှိစေနိုင်ရန် ရည်ရွယ်၍ ကွင်းဆင်း စစ်ဆေးဆောင်ရွက်ခဲ့ကြသည်။
ထို့နောက် ပြည်နယ်စားသုံးသူရေးရာ ကော်မတီအဖွဲ့ဝင်များသည် ဘားအံမြို့၊ ဖိုးလမင်း ကုန်တိုက်၊ မင်္ဂလာဝင်းကုန်တိုက်နှင့် ရေပေါ်စျေးတို့တွင် စားသုံးသူများ အသုံးပြုလျက်ရှိသည့် စားသုံးဆီအမျိုးမျိုးနှင့် စပ်လျဉ်း၍ ဘေးအန္တရာယ်ရှိ/မရှိ စောင့်ကြည့်စစ်ဆေးခြင်းနှင့် ကုန်အညွှန်းအမှတ်အသားတွင် ဖော်ပြရမည့်အချက်များ ပါဝင်မှုရှိ/မရှိ စောင့်ကြည့်စစ်ဆေးခြင်း များအား ဆောင်ရွက်ခဲ့ကြောင်း သိရှိရသည်။
ပြည်နယ် စားသုံးသူရေးရာကော်မတီအနေဖြင့် ၂၀၂၃-၂ဝ၂၄ ဘဏ္ဍာနှစ်အတွင်း ဆောင်ရွက်မည့် ကုန်စည်(၁၀)မျိုးအနက် စားသုံးဆီအမျိုးမျိုး၊ အသင့်သောက် အချိုရည်အမျိုးမျိုး၊ ထိခိုက် နစ်နာလွယ်သော စားသုံးသူအုပ်စု(ကလေးများ)အတွက် ရည်ရွယ်ထုတ်လုပ်သည့် ကလေးအာဟာရ ဖော်စပ်ဖြည့်စွက်စာ အမျိုးမျိုးတို့အား ဦးစားပေးရွေးချယ်ပြီး စားသုံးဆီ အမျိုးမျိုးကို ၂၀၂၃ ခုနှစ်၊ ဇူလိုင် ပထမရက်သတ္တနှစ်ပတ်အတွင်း၌ လည်းကောင်း၊ အသင့်သောက် အချိုရည်အမျိုးမျိုးတို့ကို သြဂုတ်လ ပထမရက်သတ္တနှစ်ပတ်အတွင်း၌ လည်းကောင်း၊ ကလေးအာဟာရ ဖော်စပ်ဖြည့်စွက်စာ အမျိုးမျိုးကို စက်တင်ဘာ ပထမ ရက်သတ္တနှစ်ပတ်အတွင်း၌လည်းကောင်း စစ်ဆေးဆောင်ရွက်သွားမည်ဖြစ်ပြီး ယခု စစ်ဆေးခြင်းသည် စားသုံးဆီအမျိုးမျိုးနှင့် ပတ်သက်၍ ကွင်းဆင်းဆောင်ရွက်ခြင်းဖြစ်ကြောင်း သတင်း ရရှိသည်။
ပြည်နယ် (ပြန်/ဆက်)