မြိတ်ခရိုင်တွင် အခြေခံစားသုံးကုန်ပစ္စည်းများ တိုးမြှင့်ထုတ်လုပ်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးပြုလုပ်

မြိတ် ဇူလိုင် ၁၃

တနင်္သာရီတိုင်းဒေသကြီး၊  မြိတ်ခရိုင်တွင်  အခြေခံစားသုံးကုန်ပစ္စည်းများ တိုးမြှင့်ထုတ်လုပ်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ခရိုင်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန၊ ကျွန်းရတနာ အစည်းအဝေးခန်းမတွင် ယမန်နေ့နေ့လယ်ပိုင်းက ခရိုင်/မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၊ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် စီးပွားရေးလုပ်ငန်းရှင်များ အသင်းများမှတာဝန်ရှိသူများ ပြုလုပ်ခဲ့ကြသည်။

အစည်းအဝေးကို နိုင်ငံတော်အကြီးအကဲ၏ လမ်းညွှန်မှာကြားချက်များကို သက်ဆိုင်ရာဌာနများမှ ထိထိရောက်ရောက်ဆောင်ရွက်နိုင်ရေး၊ နိုင်ငံတော်၏ မူဝါဒတစ်ခုဖြစ်သည့် တိုင်းပြည်သာယာဝပြောရေးနှင့် နိုင်ငံသားတိုင်း စားနပ်ရိက္ခာဖူလုံပေါကြွယ်ဝရေးကို ဦးတည်ဆောင်ရွက်လျက်ရှိရာ ကဏ္ဍများအလိုက် မြိတ်ခရိုင်အတွင်း လုပ်ငန်းများအလိုက် လမ်းညွှန်ချက်များကို အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရန် သက်ဆိုင်ရာကဏ္ဍအလိုက် ဆောင်ရွက်နိုင်ရေးအတွက် ပြုလုပ်ခြင်းဖြစ်ကြောင်း သိရသည်။

အစည်းအဝေးတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ်၏ အခြေခံစားသုံးကုန်ပစ္စည်းများ တိုးမြှင့်ထုတ်လုပ်ရေး လမ်းညွှန်မှာကြားချက်များအပေါ် သက်ဆိုင်ရာဌာနများမှ ကဏ္ဍအလိုက်တိကျစွာဆောင်ရွက်‌ပေးကြရန်၊ ခရိုင်အဆင့်အနေဖြင့် ကြိုတင်စီမံဆွေးနွေး ဆောင်ရွက်ပေးကြရန် မြိတ်ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဉာဏ်ဇော်က ပြောကြားသည်။

ထိုနောက် လမ်းညွန်မှာကြားချက်အပေါ် မြိတ်ခရိုင်၏ စိုက်ပျိုးရေးကဏ္ဍ၊ မွေးမြူရေးကဏ္ဍ၊  အသေးစား/အငယ်စား/အလတ်စား စီးပွားရေးလုပ်ငန်းကဏ္ဍ၊ ကုန်ထုတ်လုပ်ရေးကဏ္ဍ၊ ပို့ဆောင်ဆက်သွယ်ရေးကဏ္ဍ၊ သမဝါယမကဏ္ဍများကို သက်ဆိုင်ရာဌာနဆိုင်ရာ တာဝန်ရှိသူများမှ ကဏ္ဍအလိုက်ဆွေးနွေးခဲ့ပြီး စီးပွားရေးလုပ်ငန်းရှင်များအသင်းများမှ တာဝန်ရှိသူများက လုပ်ငန်းများအလိုက် ဆွေးနွေးတင်ပြခဲ့ကြရာ မြိတ်ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌက ဌာနများအလိုက် ကျရာကဏ္ဍတွင် အောင်မြင်စွာပူးပေါင်းဆောင်ရွက်ပေးကြရန် နိဂုံးချုပ် အမှာစကားပြောကြားခဲ့ကြောင်း သိရသည်။

ခိုင်ထူး(ပြန်/ဆက်)