ထားဝယ်မြို့တွင် ကိုယ်ရေးအချက်အလက်များကို (Biographic)နှင့် ဇီဝဆိုင်ရာအချက်အလက် (Biometric) ကောက်ယူ

ထားဝယ်  ဇူလိုင် ၁၃

တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်မြို့တွင် ခရိုင်/မြို့နယ် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာနက တိုင်းဒေသကြီး အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဝန်ထမ်းနှင့် ဝန်ထမ်းမိသားစုဝင်များ၏ ကိုယ်ရေးအချက်အလက်များကို (Biographic) နှင့် ဇီဝဆိုင်ရာအချက်အလက် (Biometric) ကောက်ယူ ခြင်းများကို ယနေ့နံနက်ပိုင်းက တိုင်းဒေသကြီး အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကိုက ဌာနဆိုင်ရာဝန်ထမ်းများနှင့် ဝန်ထမ်းမိသားစုဝင် များ၏ ကိုယ်ရေးအချက်အလက်များကို (Biographic)နှင့် ဇီဝဆိုင်ရာအချက်အလက် (Biometric) ကောက်ယူနေမှုများအား ကြည့်ရှုစစ်ဆေးပြီး တာဝန်ရှိသူများအား သတ်မှတ်ကာလအတွင်း အချိန်မီ ပြီးစီးရေးမှာကြားသည်။

အဆိုပါ အချက်အလက်များကောက်ယူစစ်ဆေးရာတွင် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ တိုင်းဒေသကြီးဦးစီးမှူး၊ ညွှန်ကြားရေးမှူးဦးသန့်ဇင်က ကြီးမှူးဆောင်ရွက်ခဲ့ပြီး ဝန်ထမ်းများနှင့် ဝန်ထမ်းမိသားစုဝင်များ၏ ကိုယ်ရေးအချက်အလက်များဖြစ်သော နိုင်ငံသားစိစစ်ရေးကတ်အမှတ်၊ အမည်၊ အဘအမည်၊ မွေးသက္ကရာဇ်၊ ကျား/မ၊ သွေးအုပ်စု၊ အမြဲကိုင်ဆောင်သော ဖုန်းနံပါတ်နှင့် နေရပ်လိပ်စာ တို့ကို စီစစ်ထည့်သွင်းခဲ့ပြီး ဇီဝဆိုင်ရာအချက်အလက်များဖြစ်သော လက်ဗွေရာ၊ မျက်လုံးနှင့် မျက်နာအနေအထားတို့ကို ခေတ်မီနည်း စနစ်များဖြင့် စိစစ်ကောက်ယူဆောင်ရွက်ခဲ့ရာ (၄၂၈)ဦး ပြီးစီးခဲ့သည်။

ဆက်လက်ပြီး လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ ထားဝယ်မြို့နယ် ဦးစီးမှူး ဦးအောင်နိုင်က e-ID စနစ် အကောင်အထည်ဖော်ဆောင်ရွက်နေမှုများ၊ ထားဝယ်မြို့နယ်အတွင်း ဇီဝ ဆိုင်ရာအချက်အလက်ကောက်ယူမည့် ဦးတည်အုပ် စုအလိုက်ခန့်မှန်းအင်အားများ၊ အချက်အလက်များ၊ ကောက်ယူမည့်နေရာနှင့် နေ့အလိုက် လျာထားချက်များအပြင် လက်ရှိကောက်ယူဆောင်ရွက် လျက်ရှိသောလုပ်ငန်းစဉ်များကို တာဝန်ရှိသူများအား ရှင်းလင်းပြောကြားခဲ့ကြောင်း သိရသည်။

တိုင်းဒေသကြီး(ပြန်/ဆက်)