ဒီးမော့ဆို အောက်တိုဘာ ၁၂
၂၀၂၀ ပြည့်နှစ် နိုဝင်ဘာလ ၈ ရက်နေ့တွင် ကျင်းပမည့် အထွေထွေရွေးကောက်ပွဲ၌ မဲရုံလုံခြုံရေး တာဝန်ထမ်းဆောင်မည့် အထူးရဲတပ်ဖွဲ့ဝင်များအား ကိုဗစ်-၁၉ ရောဂါ ကင်းရှင်းကြောင်း စစ်ဆေးချက် လက်မှတ် ပေးအပ်ခြင်းကို ယနေ့ နံနက် ၉ နာရီခွဲက ကယားပြည်နယ် ဒီးမော့ဆိုမြို့နယ် ငွေတောင်ကျေးရွာ အမှတ်(၁)အခြေခံပညာ အထက်တန်းကျောင်း၌ ကျင်းပခဲ့သည်။
ထိုသို့ ပေးအပ်ရာတွင် မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဉာဏ်လှိုင် က အထူးရဲတပ်ဖွဲ့ဝင်များ အနေဖြင့် နိုဝင်ဘာလ ၈ ရက်နေ့တွင် ကျင်းပမည့် အထွေထွေရွေးကောက်ပွဲ၌ မဲရုံလုံခြုံရေးတာဝန်ကို ထမ်းဆောင်ရမည်ဖြစ်သည့်အတွက် ကိုဗစ်-၁၉ ရောဂါ ကူးစက်မှုမရှိရန် လိုအပ်ကြောင်း၊ ဒါကြောင့် အောက်တိုဘာလ ၉ ရက်နေ့တွင် အထူးရဲတပ်ဖွဲ့ဝင်များအား RDT Test Kit ဖြင့် စစ်ဆေးခဲ့ရာ အားလုံး၏ အဖြေသည် Negative ဖြစ်သည့်အတွက် ဝမ်းမြောက်ပါကြောင်းနှင့် အထွေထွေ ရွေးကောက်ပွဲ ကျင်းပမည့်နေ့တွင် မိမိ၏ တာဝန်များကို ကျေပွန်စွာ ထမ်းဆောင်နိုင်ကြပါစေ ကြောင်း ပြောကြားခဲ့သည်။
ထို့နောက် မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဉာဏ်လှိုင်၊ မြို့နယ်ဆရာဝန် ဒေါက်တာ စိုးမင်းထွေးနှင့် မြို့မရဲစခန်းမှူး ဒုရဲမှူး အနိုင် တို့က အထူးရဲ ၆၄ ဦးနှင့် အရန် ၂ ဦး တို့အား ကိုဗစ်-၁၉ ရောဂါ ကင်းရှင်းကြောင်း စစ်ဆေးချက် လက်မှတ်များကို ပေးအပ်ခဲ့ကြောင်း သိရသည်။
ရီရယ်(ဒီးမော့ဆို)