ကျွန်းလှမြို့နယ်၌ လူငယ်ရေးရာ အသိပညာပေး ဟောပြောပွဲ ကျင်းပ

ကျွန်းလှ ဇူလိုင် ၁၃

စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကျွန်းလှမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ပညာရေးဌာနတို့ ပူးပေါင်းပြီး ကျောင်းသား၊ ကျောင်းသူများ ဗလငါးတန်ဖွံ့ဖြိုးစေရန်အတွက် လူငယ်ရေးရာ အသိပညာပေးဟောပြောပွဲကို ယနေ့နံနက် ၁၀ နာရီက ကျွန်းလှမြို့၊ ပိတောက်မြိုင်ရပ်ကွက် မူလတန်းလွန်ကျောင်း၌ ကျင်းပကြောင်း သိရသည်။

အဆိုပါ ဟောပြောပွဲတွင် တာဝန်ခံ ကျောင်းအုပ်ဆရာမကြီး ဒေါ်မာမာတင်က အမှာစကား ပြောကြားပြီး မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဦးစီးမှူး ဦးဖိုးချိုက ကျောင်းသား၊ ကျောင်းသူများ စာဖတ်ခြင်းဖြင့်ရရှိမည့် အကျိုးကျေးဇူးများ၊ မူးယစ်ဆေးဝါး အန္တရာယ်နှင့် ကလေးအလုပ်သမား ပပျောက်ရေး အကြောင်းတို့ကို အကျယ်တဝင့် ရှင်းလင်းပြောကြားသည်။

ထို့နောက် တက်ရောက်လာကြသည့် ကျောင်းသား၊ ကျောင်းသူများက ခင်းကျင်းပြသထားသည့် စာအုပ် စာစောင်များ၊ နံရံကပ်စာစောင်နှင့် ဓါတ်ပုံများ စိတ်ပါဝင်စားစွာ ကြည့်ရှုလေ့လာမှတ်သားခဲ့ကြကြောင်း သိရသည်။

မျိုးဝင်းညို(ပြန်/ဆက်)