မကွေး ဇူလိုင် ၁၃
မကွေးတိုင်းဒေသကြီးအိမ်တွင်းစက်မှုလက်မှုလုပ်ငန်းများ မှတ်ပုံတင်စိစစ်ဆုံးဖြတ်ရေးကော်မတီအစည်းအဝေး(၁/၂၀၂၃-၂၄)ကို ယမန်နေ့နံနက်(၁၀)နာရီအချိန်က တိုင်းဒေသကြီးအသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာန၊ အစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်ခဲ့ရာ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် စီးပွားရေးရာဝန်ကြီးဦးအောင်ချိန်၊ တိုင်းဒေသကြီးအသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာန ညွှန်ကြားရေးမှူးဒေါ်စုစုခိုင်၊ တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာတာဝန်ရှိသူများ တက်ရောက်ခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ အစည်းအဝေးတွင် တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် စီးပွားရေးရာဝန်ကြီးဦးအောင်ချိန်က အဖွင့်အမှာစကားပြောကြားရာတွင် နိုင်ငံတော်၏စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုသည် အသေးစားစီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်မှုအပေါ်တွင် များစွာမူတည်နေပြီး ကမ္ဘာ့နိုင်ငံအသီးသီးတွင်လည်း အသေးစားစီးပွားရေးလုပ်ငန်းများဖွံ့ဖြိုးတိုးတက်ရေးအတွက် ဆောင်ရွက်လျက်ရှိပါကြောင်း၊ နိုင်ငံတော်အစိုးရအနေဖြင့် နိုင်ငံစီးပွားရေးမြှင့်တင်မှုအစီအစဉ်ဖြင့်(MSME)စီးပွားရေးလုပ်ငန်းများဖြစ်သည့် အသေးစား၊ အငယ်စားနှင့်အလတ်စား စီးပွားရေးလုပ်ငန်းများဖွံ့ဖြိုးတိုးတက်ရေးအတွက် ရန်ပုံငွေများခွဲဝေချထားကာ ဆောင်ရွက်လျက်ရှိပါကြောင်း၊ တိုင်းဒေသကြီးအတွင်းရှိ တစ်နိုင်တစ်ပိုင် စီးပွားရေးလုပ်ငန်းများအား လိုအပ်သောနည်းပညာအကူအညီများ ဝိုင်ဝန်းပံ့ပိုးကူညီ ဆောင်ရွက်ကြရမည်ဖြစ်သလို One Region One Product အစီအစဉ်ဖြင့် ဒေသထွက်ကုန်ပစ္စည်းများဖြင့် ထုတ်လုပ်သည့် စီးပွားရေးလုပ်ငန်းများ ပိုမိုဖြစ်ထွန်းလာရေးအတွက် တာဝန်ရှိသူများအားလုံး ပူးပေါင်းဆောင်ရွက်ကြရမည်ဖြစ်ပါကြောင်းနှင့် စားသုံးသူပြည်သူများ မထိခိုက်စေရးအတွက် ထုတ်ကုန်ပစ္စည်းအညွှန်းများနှင့်ပါဝင်ပစ္စည်းများဖော်ပြရာတွင် ပြည်သူများသိရှိနိုင်ရေးအတွက် မြန်မာဘာသာအညွှန်းဖြင့် ဖော်ပြနိုင်ရေးလိုက်နာဆောင်ရွက်ကြစေရေးအတွက် ကြီးကြပ်ဆောင်ရွက်ကြရန် လိုအပ်ပါကြောင်း ပြောကြားသည်။
ဆက်လက်၍ တိုင်းဒေသကြီးအသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာန ညွှန်ကြားရေးမှူးဒေါ်စုစုခိုင်က အိမ်တွင်းစက်မှုလက်မှုလုပ်ငန်းများမှတ်ပုံတင်နိုင်ရေး လာရောက်လျှောက်ထားသော လုပ်ငန်းရှင်များနှင့် လုပ်ငန်းများ၏အချက်အလက်များအား ရှင်းလင်းတင်ပြခဲ့ကြောင်း သိရသည်။
ထို့နောက် အစည်းအဝေးကို တက်ရောက်လာကြသော ကော်မတီဝင်များက လျှောက်ထားလာသော အိမ်တွင်းစက်မှုလက်မှုလုပ်ငန်းများနှင့်ပတ်သက်၍ ဆွေးနွေးခဲ့ကြပြီး လုပ်ငန်းများအား မှတ်ပုံတင်ခွင့်ပြုခြင်း/မပြုခြင်းများနှင့်ပတ်သက်၍ အတည်ပြုဆုံးဖြတ်ခဲ့ကြကြောင်း သိရသည်။
အဆိုပါ အိမ်တွင်းစက်မှုလက်မှုလုပ်ငန်းများ မှတ်ပုံတင်စိစစ်ဆုံးဖြတ်ရေးကော်မတီအစည်းအဝေး(၁/၂၀၂၃-၂၄)တွင် မှတ်ပုံတင်ခွင့်လျှောက်ထားလာသော လုပ်ငန်းရှင်(၁၀၁)ဦး၏ အိမ်တွင်းစက်မှုလက်မှုလုပ်ငန်းများအား မှတ်ပုံတင်ခွင့်ပြုနိုင်ရေး စိစစ်ဆုံးဖြတ်ခဲ့ကြကြောင်း သိရသည်။
ကိုစည်သူ(မကွေး)