ဆိပ်ဖြူမြို့နယ်၌ အထူးရဲတပ်ဖွဲ့ဝင်များ ကျန်းမာရေးစစ်ဆေးခြင်းနှင့် ကျန်းမာရေးဆိုင်ရာ အသိပညာပေးခြင်း ဆောင်ရွက်

ဆိပ်ဖြူ   အောက်တိုဘာ  ၁၂

မကွေးတိုင်းဒေသကြီးဆိပ်ဖြူမြို့နယ်၌ ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲတွင် တာဝန်ထမ်းဆောင်မည့် အထူးရဲတပ်ဖွဲ့ ဝင်များကို ကိုဗစ်-၁၉ရောဂါ ကူးဆက်မှုမရှိစေရန် ကျန်းမာရေးအသိပညာပေးပြောကြားခြင်းနှင့် ကိုဗစ်-၁၉၊ (RDT)  Test Kit ဖြင့် ကျန်းမာရေးစစ်ဆေးခြင်းကို ယနေ့ နံနက် ၉ နာရီက အနောက်ပိုင်းရပ်ကွက် မူလတန်းကျောင်း တွင်ပြုလုပ်သည်။

၂၀၂၀ ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲတွင် ဆိပ်ဖြူမြို့နယ်၏ မဲရုံအသီသီး၌ တာဝန်ထမ်းဆောင်မည့် အထူးရဲ တပ်ဖွဲ့ဝင်များကို ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ လမ်းညွှန်ချက်များနှင့် သက်ဆိုင်ရာဌာန အသီးသီးတို့၏ ညွှန်ကြား ချက်များနှင့်အညီ သိရှိလိုက်နာရမည့် ဆောင်ရန် /ရှောင်ရန် အချက်များကို အောက်တိုဘာလ ၁ ရက်နေ့မှစတင်၍ စာတွေ့ လက်တွေ့ သင်တန်းများ ပို့ချလျှက်ရှိပြီး အထူးရဲတပ်ဖွဲ့ဝင်များကို ကိုဗစ်-၁၉ ရောဂါ ကူးဆက်ခြင်း မရှိစေရန် အထူးအလေးထား ဆောင်ရွက်နေကြောင်း ဆိပ်ဖြူမြို့နယ်ရဲတပ်ဖွဲ့မှူးရုံးမှ သိရသည်။

ဆိပ်ဖြူမြို့နယ်တွင် အထူးရဲတပ်ဖွဲ့ဝင် (၁၀၃ )ဦး နှင့် အရန်(၂) ဦးကို (RDT)  Test Kit စနစ်ဖြင့် ကိုရိုနာဗိုင်းရပ်(စ်) ၊ကိုဗစ်-၁၉ ရောဂါ ကူးဆက်ခြင်း ရှိ/မရှိကို မြို့နယ်ပြည်သူ့ကျန်းမာရေးဝန်ထမ်းများကစစ်ဆေးခဲ့ရာ အထူးရဲတပ်ဖွဲ့ဝင်များ၌  ကိုဗစ်-၁၉ရောဂါ ကင်းစင်ကြောင်း စစ်ဆေးတွေ့ရှိရကြောင်း၊ အထူးရဲတပ်ဖွဲ့ဝင်များ ကိုဗစ်-၁၉ ရောဂါ ကင်းရှင်းရေးအတွက် ကျန်းမာရေးဆိုင်ရာ အသိပညာများကို မြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာန ကျန်းမာရေးမှူး ဒေါ်နီနီသင်းက အသိပညာပေးပြောကြားပေးပြီး သင်တန်းဆိုင်ရာ စည်းကမ်းများနှင့် ဆောင်ရန်/ရှောင်ရန်အချက်များကို မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူး ဘိုဘိုထွဋ်က ရှင်းလင်း ပြောကြားခဲ့ကြောင်းသိရသည်။

ကိုဇွဲ(အညာမြေ)