ပေါက်ခေါင်း ဇူလိုင် ၁၃
ပဲခူးတိုင်းဒေသကြီး ပြည်ခရိုင် ပေါက်ခေါင်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနမှ ကျောင်းသား၊ ကျောင်းသူများအား အသိပညာဗဟုသုတရရှိစေရေးနှင့် ဉာဏ်ရည် ဖွံ့ဖြိုးတိုးတက်စေရေးအတွက် နယ်လှည့်စာကြည့်တိုက် အသိပညာပေး ဟောပြောပွဲနှင့်၊ နံရံကပ် စာစောင်ပြသဆောင်ရွက်ခြင်းကို ယမန်နေ့မွန်းလွဲပိုင်းက အ.မ.က သဖန်းချိုကျောင်းသို့ ကွင်းဆင်း ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အသိပညာပေး ဟောပြောပွဲတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ မြို့နယ်ဦးစီးအရာရှိ ဒေါ်ချစ်နှင်းသုန်က ကျောင်းသားလူငယ်များ စာပေဖတ်ရှုခြင်း အလေ့အထကောင်းများ ရရှိစေရန် အသိပညာဗဟုသုတ တိုးပွားပြီး လိမ္မာယဉ်ကျေးသည့် လူငယ်လူရွယ်များ ဖြစ်လာစေရန်၊ စာပေနှင့် ရင်းနှီးကျွမ်းဝင်စေရန် ရည်ရွယ်၍ စာဖတ်ရှိန် မြှင့်တင်ရေး ဟောပြောဆွေးနွေးပြီး ဇူလိုင်လ ၁၉ ရက်နေ့တွင် ကျရောက်မည့် (၇၆)နှစ် မြောက် အာဇာနည်နေ့အထိမ်းအမှတ် အာဇာနည်ခေါင်းဆောင်ကြီးများ၏ အတ္ထုပ္ပတ္တိ အကြောင်းအရာများကို အကျယ်တဝင့်ဟောပြောခဲ့သည်။ ဆက်လက်၍ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနဝန်ထမ်းများက ကျောင်းသား၊ ကျောင်းသူလေးများအား ပုံပြင်စာအုပ်ဖြင့် ပုံပြင်ပြောခြင်း၊ အာဇာနည်နေ့အထိမ်းအမှတ် အသိပညာပေး နံရံကပ်စာစောင်များကို ဗဟုသုတဖြစ်ဖွယ် ပြသပေးခဲ့ကြောင်း သိရသည်။
သန်းထွန်းအောင်(ပြန်/ဆက်)