ပုသိမ်မြို့တွင် ၂၀၂၃ ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲတွင် ထူးချွန်စွာအောင်မြင်ခဲ့ကြသည့် ကျောင်းသား/သူများအား ဂုဏ်ပြုဆုချီးမြှင့်ခြင်းအခမ်းအနားကျင်းပ

ပုသိမ် ဇူလိုင် ၁၃

၂၀၂၃ ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲတွင် ထူးချွန်စွာအောင်မြင်ခဲ့ကြသည့် ကျောင်းသား/သူများအား ဂုဏ်ပြုဆုချီးမြှင့်ခြင်းအခမ်းအနားကို အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်း ရတနာတန်ဆောင်ခန်းမ၌ ယမန်နေ့နံနက်ပိုင်းတွင် ကျင်းပပြုလုပ်ခဲ့သည်။

ဆုချီးမြှင့်ပွဲအခမ်းအနားတွင် ပုသိမ်မြို့၊ အမှတ်(၂)အခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းသား၊ ကျောင်းသူလေးများက "ပညာရည်ချွန်ဆုနှင်းသဘင်"တေးသီချင်းဖြင့်သီဆိုဖျော်ဖြေ၍ အခမ်းအနားကို ဖွင့်လှစ်ပေးခဲ့ပြီး ပုသိမ်မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌဦးအောင်ကျော်ဦးက အဖွင့်အမှာစကားပြောကြားခဲ့သည်။ ထို့နောက် ဂုဏ်ထူးရကျောင်းသား၊ ကျောင်းသူများအား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် တာဝန်ရှိသူများက ဆုများအသီးသီးပေးအပ်ချီးမြှင့်ခဲ့ပြီး ဆုရရှိကြသူများကိုယ်စား ကျောင်းသူတစ်ဦးမှ ကျေးဇူးတင်စကားပြန်လည်ပြောကြားခဲ့သည်။ အမှတ်(၆)အခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းသား/သူများက ‘ဘက်စုံပညာကိုရည် တို့လှမ်းချီသီချင်းဖြင့် သီဆိုဖျော်ဖြေခဲ့ပြီး အခမ်းအနားကိုရုပ်သိမ်းခဲ့ကြောင်း သိရှိရသည်။

မြင့်ဟန်