စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော် နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ လေရှီးမြို့ရှိ မြို့မိမြို့ဖများ၊ နာဂရိုးရာစာပေနှင့် ယဉ်ကျေးမှုအဖွဲ့များ၊ ဌာနဆိုင်ရာဝန်ထမ်းများ၊ ဒေသခံတိုင်း ရင်းသားများနှင့် တွေ့ဆုံ

မုံရွာ ဇူလိူင် ၁၃

စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်သည် နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးထွန်းထွန်းဝင်း၊ တိုင်းဒေသကြီး လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး ဝင်းတင်စိုး၊ တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာများနှင့် တာဝန်ရှိသူများ လိုက်ပါလျက် ဇူလိုင်လ ၁၀ ရက်နေ့၊ ညနေပိုင်းတွင် နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ဒေသ၊ လေရှီးမြို့နယ် စီမံ အုပ်ချုပ်ရေးအဖွဲ့ရုံး အစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်သော လေရှီးမြို့ရှိ မြို့မိမြို့ဖများ၊ နာဂရိုးရာစာပေနှင့်ယဉ်ကျေးမှုအဖွဲ့များ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ ဒေသခံတိုင်းရင်းသား များနှင့် တွေ့ဆုံပွဲအခမ်းအနားသို့ တက်ရောက်ကြသည်။

ရှေးဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်က နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသအတွင်း ဆောင်ရွက်နေသည့် လုံခြုံရေး၊တရားဥပဒေစိုးမိုးရေးနှင့် တည်ငြိမ်အေးချမ်းရေး၊ ဖွံ့ဖြိုးရေး ဆောင်ရွက်ပေးနေမှု၊ စားရေရိက္ခာပေါများရေးအတွက် စိုက်ပျိုးမွေးမြူ ထုတ်လုပ်ရန်လိုအပ်မှု၊ ရာသီဉတုကောင်းမွန်ရေးနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းနိုင်ရန် စနစ်ကျကုန်းမြင့် လယ်ယာ ဖော်ထုတ်စိုက်ပျိုးခြင်းဖြင့် ရွေ့ပြောင်းတောင်ယာခုတ်၍ စိုက်ပျိုးမှုစနစ်ပပျောက်ရန် လိုအပ်မှု အခြေအနေများ၊ လမ်းပန်းဆက်သွယ်မှုကောင်းမွန်ရန် ဆောင်ရွက်ပေးနေမှု အခြေအနေများအား ရှင်းလင်းပြောကြားသည်။

ဆက်လက်၍ လေရှီးမြို့နယ်၊ စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးဝင်းမောင်က မြို့နယ်အတွင်း ဒေသ ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများ ဆောင်ရွက်ထားမှုအခြေအနေများနှင့် ပတ်သက်၍ Power Point ဖြင့် ရှင်းလင်းတင်ပြသည်။

ယင်းနောက် နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးထွန်းထွန်းဝင်း၊ တိုင်းဒေသကြီး လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီးနှင့် တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာများမှ မိမိတို့ဌာနများအလိုက် နာဂဒေသကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများ ဆောင်ရွက်ပေးနေမှုများနှင့် ဆက်လက်ဆောင်ရွက်ပေးသွားမည့် လုပ်ငန်းအခြေအနေများနှင့် ပတ်သက်၍ အသီးသီး ရှင်းလင်းပြောကြားကြသည်။

ဆက်လက်ပြီး တိုင်းဒေသကြီးဝန်ကြီးချုပ်က လေရှီးမြို့နယ် နာဂရိုးရာစာပေနှင့် ယဉ်ကျေးမှု အဖွဲ့အတွက် ထောက်ပံ့ငွေများအား လည်းကောင်း၊ တိုင်းဒေသကြီး လုံခြုံရေးနှင့်နယ်စပ်ရေးရာ ဝန်ကြီးကဌာနဆိုင်ရာ ဝန်ထမ်းများအတွက် ထောက်ပံ့ငွေများအားလည်းကောင်း၊ ဒုတိယ တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးမှ လုံခြုံရေးတာဝန်ထမ်းဆောင်နေကြသူများအတွက် ထောက်ပံ့ငွေ များအား လည်းကောင်း၊ နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် တိုင်းဒေသကြီး စိုက်ပျိုးရေးဦးစီးဌာနမှူးတို့မှ လက်ဘက်ပျိုးပင်များနှင့် ကော်ဖီပျိုးပင်များအား တာဝန်ရှိသူများထံ အသီးသီးထောက်ပံ့ပေးအပ်ခဲ့ကြသည်။

ထို့နောက် လေရှီးမြို့ရှိ ဒေသခံတိုင်းရင်းသားများနှင့် နာဂရိုးရာစာပေနှင့် ယဉ်ကျေးမှုအဖွဲ့မှ တာဝန်ရှိသူများက မြို့ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းများနှင့် ပတ်သက်၍ လိုအပ်သည်များကို ဆွေးနွေးတင်ပြကြသည်။

ယင်းနောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်က ဆွေးနွေးတင်ပြချက်များအပေါ် လိုအပ်သည်များကို တာဝန်ရှိသူများနှင့် ဖြည့်ဆည်းပေါင်းစပ် ဆောင်ရွက်ပေးပြီး နိဂုံးချုပ်စကားပြောကြားကာ အခမ်းအနားသို့ တက်ရောက်လာသူများအား ရင်းရင်းနှီးနှီးလိုက်လံ နှုတ်ဆက်အားပေးပြီး တွေ့ဆုံပွဲအခမ်းအနားကို ရုပ်သိမ်းခဲ့ကြသည်။

ခရိုင်(ပြန်/ဆက်)