ဘားအံ ဇူလိုင် ၁၃
ကရင်ပြည်နယ်၊ ဘားအံမြို့နယ်၌ အနာဂတ်မျိုးဆက်သစ်များ၊ ကျောင်းသား/ကျောင်းသူများအနေဖြင့် နေ့ထူးနေ့မြတ်များကို အလေးထားတတ်စေရန်နှင့် တန်ဖိုးထားတတ်စေရန် ရည်ရွယ်၍ ဇူလိုင်လ(၁၉)ရက်နေ့တွင် ကျရောက်မည့် (၇၆)နှစ်မြောက် အာဇာနည်နေ့ အထိမ်းအမှတ် အသိပညာပေးဟောပြောပွဲ၊ နံရံကပ်စာစောင်ပြပွဲနှင့် ဉာဏစွမ်းရည်ပြိုင်ပွဲများကို ဘားအံခရိုင်၊ ပြည်သူ့စာကြည့်တိုက်တွင် ယမန်နေ့မွန်းလွဲ(၁)နာရီအချိန်ခန့်က ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ပညာရေးဌာနတို့ပူးပေါင်း၍ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဘားအံခရိုင်ရုံးမှ ဦးစီးအရာရှိ ဒေါ်ခက်ခက်လွင်က အာဇာနည်နေ့ဖြစ်ပေါ်လာပုံသမိုင်းကြောင်းနှင့် အာဇာနည်(၉)ဦး၏ အတ္ထုပတ္တိအကြောင်း စသည်တို့ကို အသိပညာပေးဟောပြောခဲ့သည်။
ထို့နောက်(၇၆)နှစ်မြောက် အာဇာနည်နေ့အထိမ်းအမှတ် ဉာဏဖွံ့ဖြိုးစေမည့် ပြိုင်ပွဲများဖြစ်သည့် အာဇာနည်နေ့အကြောင်း ဉာဏ်စမ်းပဟေဠိပြိုင်ပွဲ၊ ပုံပြင်ပြောပြိုင်ပွဲ၊ ကဗျာရွတ်ဆိုပြိုင်ပွဲ၊ စာဖတ်စွမ်းရည်ပြိုင်ပွဲ စသည်တို့ကိုပြုလုပ်ပေးခဲ့ရာ ဘားအံမြို့ရှိ အမှတ်(၄) အခြေခံပညာမူလတန်းလွန်ကျောင်းမှ ကျောင်းသား/ကျောင်းသူများ ပါဝင်ယှဉ်ပြိုင်ခဲ့ကြကြောင်း သိရသည်။
ခရိုင်(ပြန်/ဆက်)