ဘားအံပညာရေးဒီဂရီကောလိပ်၌ ဘာသာစကားစွမ်းရည်ထက်မြတ်မှုဆိုင်ရာ စကားရည်လုပြိုင်ပွဲကျင်းပ

ဘားအံ ဇူလိုင် ၁၃

နှုတ်မှုဆိုင်ရာပြောဆိုဆက်ဆံရေးစွမ်းရည် ဖွံ့ဖြိုးတိုးတက်လာစေရန်ရည်ရွယ်၍ ဘားအံပညာရေးဒီဂရီကောလိပ်၊ မြန်မာစာဌာနမှကြီးမှူးကျင်းပသော ဘာသာစကားစွမ်းရည် ထက်မြတ်မှုဆိုင်ရာ စကားရည်လုပြိုင်ပွဲကို ယမန်နေ့နံနက် ၁၀ နာရီခန့်က အဆိုပါဒီဂရီကောလိပ် သီရိခန်းမ၌ ကျင်းပသည်။

စကားရည်လုပြိုင်ပွဲကို ကရင်ပြည်နယ် ဝန်ကြီးချုပ်ဦးစောမြင့်ဦး၊ ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ် ဒေါ်ခင်ဆွေထွန်း၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များ၊ ပြည်နယ်အဆင့်ဌာနဆိုင်ရာများ၊ ဘားအံပညာရေးဒီဂရီကောလိပ် ကျောင်းအုပ်ကြီးနှင့်ပါမောက္ခများ၊ သင်ကြားရေးအဖွဲ့ဝင် ဆရာ/ဆရာမများ၊ သင်တန်းသား၊ သင်တန်းသူများ တက်ရောက်အားပေးခဲ့ကြပြီး ပြည်နယ်ဝန်ကြီးချုပ်က စကားပြောစွမ်းရည်တွင် ဘာသာစကားဆိုင်ရာတတ်ကျွမ်းမှု၊ လက်တွေ့အသုံးချမှု ဆိုင်ရာတတ်ကျွမ်းမှု၊ စကားစဉ်တတ်ကျွမ်းမှု၊ ဆက်သွယ်ပြောဆိုခြင်းဆိုင်ရာ တတ်ကျွမ်းမှုများဟူ၍ရှိကြောင်း၊ ကောင်းမွန်သောပြောဆိုဆက်ဆံရေး စွမ်းရည်သည် ဆရာတစ်ယောက်အတွက် အတန်းအုပ်ချုပ်မှုကျွမ်းကျင်ရန်၊ ကျောင်းသားနှင့်ဆရာကောင်းမွန်သော ဆက်ဆံရေးရရှိအောင် ပျိုးထောင်ရန် အကူအညီဖြစ်စေပြီး ကျောင်းသားများအား ပညာရပ်ပိုင်းဆိုင်ရာ ဗဟုသုတများကို လွယ်လင့်တကူနားလည်စေသည့်အပြင် ကျောင်းသားများ၏ သင်ယူမှုအားကို ပို၍တက်တက်ကြွကြွဖြစ်စေမည်ဖြစ်ကြောင်း၊ ဆရာ၊ဆရာမများအနေဖြင့် နှုတ်မှုစွမ်းရည်၊ အပြောစွမ်းရည်ထက်မြက်သော သူများဖြစ်လာအောင် မိမိတို့၏ တပည့်များကိုလည်း ဘာသာစကားစွမ်းရည်ဖွံ့ဖြိုးလာအောင် သင်ကြားပို့ချနိုင်ရန်အတွက် ယခုကဲ့သို့ကျင်းပပေးသော ဘာသာစကားစွမ်းရည်ပြိုင်ပွဲများတွင် အားတက်သရောဝင်ရောက်ယှဉ်ပြိုင်၍ မိမိကိုယ်ကို မိမိဘက်စုံဖွံ့ဖြိုးသော ဆရာ၊ ဆရာမများဖြစ်အောင် ပြုစုပျိုးထောင်ကြစေလိုကြောင်း ပြောကြားသည်။

ထို့နောက် ဘားအံပညာရေးဒီဂရီကောလိပ် မြန်မာစာဌာန ပါမောက္ခဒေါ်နီတာသောင်းက စကားရည်လုပြိုင်ပွဲ အမှတ်ပေးစည်းမျဉ်းများကို ရှင်းလင်းတင်ပြပြီး ဘားအံပညာရေးဒီဂရီကောလိပ် ပထမနှစ်နှင့်ဒုတိယနှစ်မှ ကျောင်းသား(၅)ဦးက မိသားစုအရေးကိစ္စများဆောင်ရွက်ရာတွင် အမျိုးသားများသည် အမျိုးသမီးများထက်ပို၍ ဦးဆောင်နိုင်သည် ခေါင်းစဉ်ဖြင့် အဆိုကိုတင်သွင်းယှဉ်ပြိုင်ပြီး ကျောင်းသူ(၅)ဦးက ပြန်လည်ချေပ စကားရည်လုယှဉ်ပြိုင်ကြရာ ပြည်နယ်ဝန်ကြီးချုပ်က ပြိုင်ပွဲဝင်များအား ငွေကျပ်(၂)သိန်းကို ထောက်ပံ့ပေးအပ်သည်။

ယင်းနောက် ဘားအံပညာရေးဒီဂရီကောလိပ် သင်တန်းသား၊ သင်တန်းသူများက မြန်မာ့ရိုးရာယဉ်ကျေးမှု အကအလှများဖြင့် သီဆိုကပြဖျော်ဖြေကြရာ ပြည်နယ်ဝန်ကြီးချုပ်နှင့်တာဝန်ရှိသူများက ဂုဏ်ပြုဆုငွေများ ပေးအပ်ချီးမြှင့်ခဲ့ကြပြီး ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်က အကောင်းဆုံးအဆိုရှင်နှင့် အကောင်းဆုံးအချေရှင် ဆုရရှိသူများကိုလည်းကောင်း၊ ပြည်နယ်ဝန်ကြီးချုပ်က စကားရည်လုပြိုင်ပွဲတွင် အနိုင်ရရှိသော အချေရှင်များနှင့် ဒုတိယဆုရရှိသော အဆိုရှင်များအား ဂုဏ်ပြုဆုများပေးအပ်ချီးမြှင့်ခဲ့သည်။

ပြိုင်ပွဲနှင့်ဆုချီးမြှင့်အပြီးတွင် ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ်နှင့်ပြည်နယ် အစိုးရအဖွဲ့ဝင်များသည် ဘားအံပညာရေး ဒီဂရီကောလိပ် သင်တန်းသား၊ သင်တန်းသူများအား ရင်းရင်းနှီးနှီးတွေ့ဆုံ နှုတ်ဆက်၍ အားပေးစကားများ ပြောကြားခဲ့ကြောင်း သိရသည်။

စောမျိုးမင်းသိန်း(ပြန်/ဆက်)