လျှပ်စစ်ဓါတ်အားတိုးတက်ရရှိလာသော ကရင်ပြည်နယ်

ဘားအံ အောက်တိုဘာ ၁၂

ကရင်ပြည်နယ်တွင် ယခင်က  နိုင်ငံတော်ဓါတ်အားစနစ်ဖြင့်မီးလင်းသည့် မြို့(၅)မြို့သာရှိခဲ့ရာမှ ပြည်သူ့အစိုးရ စတင်တာဝန်ယူချိန် ၂၀၁၆-၂၀၁၇ ခုနှစ်မှ ယနေ့ထိ ပြည်နယ်အတွင်း မြို့ပေါင်း (၁၂)မြို့ထိ တိုးချဲ့ဓါတ်အားဖြန့်ဖြူးပေးနိုင် ခဲ့ပြီး ကျေးရွာပေါင်း ၂၀၉၇ ရွာရှိသည့်အနက် ဓါတ်အား စနစ်ဖြင့် မီးလင်းသည့်ကျေးရွာ(၅၆၉)ရွာ၊ အခြားနည်းလမ်းဖြင့် မီးလင်းသည့် ကျေးရွာ(၅၂၃)ရွာ စုစုပေါင်း ကျေးရွာ ၁၀၉၂ ရွာကို ဓါတ်အားဖြန့်ဖြူးပေးနိုင်ခဲ့ရာ ကျေးရွာများ၏ ၅၂ ဒသမ ၀၇ ရာခိုင်နှုန်း မီးလင်းနေပြီ ဖြစ်သည်။

ငြိမ်းချမ်းရေးဖြစ်တည်တိုးတက်နေသော ကရင်ပြည်နယ်တွင် လမ်းပန်းဆက်သွယ်ရေး၊ ကူးသန်း ရောင်းဝယ်ရေး၊ စိုက်ပျိုးမွေးမြူရေး၊ စီးပွားရေး၊ ပညာရေး၊ ကျန်းမာရေး၊ လူမှုရေး အစရှိသည့် ကဏ္ဍရပ်များ ဖွံဖြိုးတိုးတက်လာသည် နှင့်အတူ လျှပ်စစ်ဓါတ်အားတိုးတက်ရရှိရေးကို ကရင်ပြည်နယ် အစိုးရအဖွဲ့နှင့် လွှတ်တော်ကိုယ်စားလှယ်များ၊ သက်ဆိုင်ရာ ဌာနဆိုင်ရာများက ဝိုင်းဝန်းကြိုးပမ်း အကောင် အထည်ဖော်ဆောင်ရွက်လျက်ရှိရာ ပြည်နယ်အတွင်းနေထိုင်သော အိမ်ထောင်စု သုံးသိန်း ကျော်အနက် အိမ်ထောင်စု ၁၄၂၂၆၆ စု၊ ရာခိုင်နှုန်းအားဖြင့် ၄၆ ဒသမ ၁၈ ရာခိုင်နှုန်း လျှပ်စစ် ဓါတ်အားရရှိနေပြီးဖြစ်သည်။

12102020

ယခုအစိုးရလက်ထက် ကရင်ပြည်နယ်အတွင်း လျှပ်စစ်ဓါတ်အားတိုးတက် ရရှိမှုအခြေအနေနှင့် စပ်လျဉ်း၍  ပြည်နယ်လျှပ်စစ်အင်ဂျင်နီယာဦးသိန်းရွှေက “ကျွန်တော်တို့ပြည်နယ်ထဲမှာ လျှပ်စစ်ဓါတ် အား ဖြန့်ဖြူးမှု့အနေနဲ့ ပုံစံမျိုးစုံ ရှိပါတယ်၊ ယခင်တုန်းကဆိုရင် ဒီဇယ်ဓါတ်အားပေးစက်တွေနဲ့ ဓါတ်အားဖြန့်ဖြူးခဲ့တယ်၊ ဒါ့အပြင် အသေးစားရေအား လျှပ်စစ်စက်တွေနဲ့လည်းပေးတယ်၊ နောက်ပိုင်း မှာတော့ Solar System ကိုလည်းသုံးလာတယ်၊ နိုင်ငံတော်ဓါတ်အား စနစ်ကနေပြီးတော့ ဓါတ်အား ဖြန့်ဖြူးပေးတာတွေလည်းရှိပါတယ်၊ အဲဒီလို နည်းလမ်းမျိုးစုံရှိတဲ့အနက်က ကျွန်တော်တို့ ကရင်ပြည် နယ်ဆိုရင် မြို့နယ်ပေါင်း (၇)မြို့နယ်၊ မြို့ပေါင်း ၁၁ မြို့ရှိပါတယ်၊ အဲဒီအထဲမှာ ယခင်ကာလတွေ တုန်းကဆိုရင် နိုင်ငံတော်ဓါတ်အားစနစ်ကနေ မီးပေးနိုင်တဲ့မြို့ ၅ မြို့ဘဲရှိခဲ့ပါတယ်၊ အခုပြည်သူ့အစိုးရ လက်ထက်မှာတော့ မြို့ပေါင်း ၁၂ မြို့ထိ ဓါတ်အားပေးလာနိုင်သလို ကျေးရွာပေါင်း ၂၀၉၇ ရွာ ရှိတဲ့အနက်မှာ ဓါတ်အားစနစ်ကနေပြီးတော့ ၅၆၉ ရွာ၊ အခြားနည်းစနစ်နဲ့ ကျေးရွာပေါင်း ၅၂၃ ရွာ စုစုပေါင်း ၁၀၉၂ ရွာ ဓါတ်အားပေးနိုင်ခဲ့ပြီး ကျေးရွာတွေရဲ့ ၅၀ ရာခိုင်နှုန်း ကျော်ကို ဓါတ်အားပေးနိုင်ခဲ့တာဖြစ်ပါတယ်၊   ပြည်နယ်အတွင်း 33 KV ဓါတ်အားလိုင်း ၁၁၆ ဒသမ ၅၄ မိုင်၊  66 KV ဓါတ်အားလိုင်း ၈၁ ဒသမ ၄၁၇ မိုင်၊ 230 KV ဓါတ်အားလိုင်း ၆၃ ဒသမ ၉၁ မိုင်နဲ့  33/11 KV, 5 MVA  ဓါတ်အားခွဲရုံ ၅ ရုံ တည်ဆောက်ဆဲ ၂ ရုံ၊ 66/33/11 KV ,(10+10) MVA ဓါတ်အားခွဲရုံ တစ်ရုံ၊ 66/11 KV , 10 MVA ဓါတ်အားခွဲရုံ ၂ ရုံ၊ 66/11 KV , 20+10 MVA ဓါတ်အားခွဲရုံ 1 ရုံ၊ 230/66/11 KV (50×2) MVA ဓါတ်အားခွဲရုံ ၁ ရုံ တည်ဆောက်ဆဲ ၁ ရုံ၊ စုစုပေါင်း ဓါတ်အားခွဲရုံ ၁၀ ရုံနဲ့ တည်ဆောက်ဆဲဓါတ်အားခွဲရုံ ၃ ရုံတို့ကို ပြည်နယ်အတွင်း တစ်နံတစ်လျား တိုးချဲ့တည်ဆောက်ပြီး ဝေးလံတဲ့ကျေးရွာတွေအထိ တိုးချဲ့ဓါတ်အားပေးနိုင်ဖို့ အရှိန်အဟုန်နဲ့ ကြိုးပမ်းအကောင်အထည်ဖော်နိုင်ခဲ့ပါတယ်၊ ကျွန်တော်တို့ တည်ဆောက်နေတဲ့ ခွဲရုံတွေပြီးလာမယ်၊ ထရန်စဖော်မာတွေတပ်ဆင်ပြီးလာမယ်၊  ပြည်သူတွေက လည်း ၄၀၀ ဗို့ လိုင်းတွေဆွဲလာမယ်၊ ကျွန်တော်တို့ကလည်းအိမ်သုံးမီတာတွေ တပ်ဆင်ပေးနိုင်ပြီဆိုရင် ပြည်သူတွေမီးသုံးစွဲနိုင်မှု နဲ့ လျှပ်စစ်ဓါတ်အားတိုးတက်ရရှိမှုက ဒီထက်ပိုမိုတိုးတက်လာမှာဖြစ်ပါတယ်”  ဟု ပြောသည်။

ယခုအစိုးရလက်ထက်တွင် ပြည်နယ်အတွင်း လျှပ်စစ်ဓါတ်အားတိုးတက်ရရှိရေးကို ဦးစားပေး ကဏ္ဍတစ်ရပ်အနေ ဖြင့် ကြိုးပမ်းအကောင်အထည်ဖော်ဆောင်ရွက်ခဲ့ရာ သံတောင်-ဘောဂလိ 33 KV ဓါတ်အားလိုင်း ၂၃ ဒသမ ၅ မိုင်နှင့် 33/11 KV , 5 MVA ဘောဂလိဓါတ်အားခွဲရုံကို တည်ဆောက်ပြီးစီး၍ ၂၀၁၇ ခုနှစ် ဧပြီလ ၉ ရက်နေ့တွင် ဘောဂလိမြို့နှင့် ပတ်ဝန်းကျင်ကျေးရွာများကိုလည်ကောင်း၊ ကရင်ပြည်နယ် လှိုင်းဘွဲမြို့နယ်အတွင်း လျှပ်စစ်ဓါတ်အားဖြန့်ဖြူးပေးနိုင်ရေး အတွက် ဘားအံ (စက်မှုဇုန်)-လှိုင်းဘွဲ(ချမ်းသာ) 66 KV ဓါတ်အားလိုင်း ၁၃ ဒသမ ၆၄ မိုင်နှင့် လှိုင်းဘွဲ(ချမ်းသာ) 66/33/11 KV , (10+10)MVA ဓါတ်အားခွဲရုံကို တည်ဆောက်ဓါတ်အားလက်ခံခဲ့ပြီး ၂၀၁၈ ခုနှစ် ဧပြီလ ၃ ရက်နေ့တွင် လှိုင်းဘွဲမြို့နှင့် ပတ်ဝန်းကျင်ကျေးရွာများ၊ ပိုင်ကျုံမြို့နှင့် ပတ်ဝန်းကျင်ကျေးရွာများကို လည်ကောင်း၊ လှိုင်းဘွဲ(ချမ်းသာ)-မြိုင်ကြီးငူ 33 KV ဓါတ်အားလိုင်း ၂၅ ဒသမ ၂၄ မိုင်နှင့် 33/11 KV , (5) MVA မြိုင်ကြီးငူဓါတ်အားခွဲရုံကို တည်ဆောက်ပြီးစီး၍ ၂၀၁၈ ခုနှစ် ဇွန်လ ၁ ရက်နေ့တွင် မြိုင်ကြီးငူနှင့် ပတ်ဝန်းကျင်ကျေးရွာများကိုလည်ကောင်း၊ လှိုင်းဘွဲ(ချမ်းသာ)-ကမ်းနီ 33 KV ဓါတ်အားလိုင်း ၁ ဒသမ ၂၅ မိုင်နှင့် 33/11 KV , 5 MVA ကမ်းနီဓါတ်အားခွဲရုံကို တည်ဆောက်ပြီးစီး၍ ၂၀၁၈ ခုနှစ် ဇူလိုင်လ ၅ ရက်နေ့တွင် လှိုင်းဘွဲမြို့နယ်၊ ကမ်းနီကျေးရွာအပါအဝင် ပတ်ဝန်ကျင် ကျေးရွာများကို လည်ကောင်း၊ လှိုင်းဘွဲ(ကမ်းနီ)-ကမမောင်း 33 KV ဓါတ်အားလိုင်း ၁၆ မိုင်၊ သံလွင်မြစ်ကျော်တာဝါတိုင် ၄ တိုင်နှင့် 33/11 KV , (5) MVA ကမမောင်း ဓါတ်အားခွဲရုံတို့ကို တည်ဆောက်ပြီးစီးခဲ့၍ ၂၀၁၈ ခုနှစ် ဇူလိုင်လ ၁၈ ရက်နေ့တွင် ကမမောင်းမြို့နှင့် ပတ်ဝန်းကျင် ကျေးရွာများကိုလည်ကောင်း၊ လိပ်သို 33 KV ဓါတ်အားလိုင်း ၂၄ ဒသမ ၀၅ မိုင်နှင့် 33/11 KV , (5)MVA လိပ်သိုခွဲရုံတို့အား တည်ဆောက်ပြီးစီး၍ ၂၀၁၈ ခုနှစ် ဩဂုတ်လ ၁၈ ရက်နေ့တွင် လိပ်သိုမြို့နှင့် ပတ်ဝန်းကျင်ကျေးရွာများကို လည်ကောင်း လျှပ်စစ်ဓါတ်အားဖြန့်ဖြူးပေးနိုင်ခဲ့ပြီးဖြစ်ပါသည်။

 

အလားတူ ကရင်ပြည်နယ် မြဝတီခရိုင်နှင့် ကော့ကရိတ်ခရိုင်တို့အား မြန်မာနိုင်ငံဓါတ်အားစနစ်ဖြင့် ဓါတ်အား ဖြန့်ဖြူးပေးနိုင်ရေးအတွက် 230 KV မော်လမြိုင်-မြဝတီဓါတ်အားလိုင်း ၅၅ ဒသမ ၅ မိုင်နှင့် 230/66/11KV(50×2) MVA မြဝတီ (သင်္ဃန်းညီနောင်) ဓါတ်အားခွဲရုံကို တည်ဆောက်ပြီးစီး၍ ၂၀၁၉ ခုနှစ် မတ်လ ၁၉ ရက်နေ့တွင် စတင်ဓါတ်အား လက်ခံခဲ့ပြီး ကော့ကရိတ်ဓါတ်အားခွဲရုံ၊ မြဝတီဓါတ်အားခွဲရုံနှင့် ကြာအင်းဆိပ်ကြီးဓါတ်အားခွဲရုံတို့အား ဓါတ်အားဖြန့်ဖြူး ပေးနိုင်ခဲ့သည်။

 

ထို့ကြောင့် မြဝတီ(သင်္ဃန်းညီနောင်)-ကော့ကရိတ် 66 KV ဓါတ်အားလိုင်း ၁၇ ဒသမ ၅ မိုင်နှင့် 66/11 KV , 10 MVA ကော့ကရိတ်ဓါတ်အားခွဲရုံမှ ၂၀၁၉ ခုနှစ် မတ်လ ၂၉ ရက်နေ့တွင် ဓါတ်အားလက်ခံ၍ ကော့ကရိတ်မြို့နှင့် ပတ်ဝန်းကျင်ကျေးရွာများကိုလည်ကောင်း၊ မြဝတီ(သင်္ဃန်းညီနောင်)-မြဝတီ 66 KV ဓါတ်အားလိုင်း ၈ ဒသမ ၇၉၇ မိုင်နှင့် 66/11 KV , 20+10 MVA မြဝတီဓါတ်အားခွဲရုံမှ ၂၀၁၉ ခုနှစ် ဧပြီလ ၂၈ ရက်နေ့တွင် ဓါတ်အားလက်ခံ၍ မြဝတီမြို့ပေါ် ရပ်ကွက်အချို့နှင့် ပတ်ဝန်းကျင်ကျေး ရွာများကိုလည်ကောင်း၊ ကော့ကရိတ်-ကြာအင်းဆိပ်ကြီး 66 KV ဓါတ်အားလိုင်း ၄၁ ဒသမ ၄၈ မိုင်နှင့် 66/11 KV , 10 MVA ကြာအင်းဆိပ်ကြီးဓါတ်အားခွဲရုံမှ ၂၀၁၉ ခုနှစ် ဒီဇင်ဘာလ ၃၁ ရက်နေ့တွင် ဓါတ်အားလက်ခံ၍ ကြာအင်းဆိပ်ကြီးမြို့နှင့် ပတ်ဝန်းကျင်ကျေးရွာများကိုလည်ကောင်း ဓါတ်အားစတင် ဖြန့်ဖြူးနိုင်ခဲ့ပြီဖြစ် သည်။

 

ဘားအံခရိုင်နှင့်ဖာပွန်ခရိုင်ကို လျှပ်စစ်ဓါတ်အားဖြန့်ဖြူးပေးရာတွင် သထုံ-မြိုင်ကလေး-ဘားအံ ၆၆ ကေဗွီ ဓါတ်အားလိုင်းကိုသာ အဓိကအားထားနေရပြီး ဒေသတွင်း မဟာဓါတ်အားလိုင်းနှင့် ပင်မဓါတ် အားခွဲရုံ မရှိသေးခြင်း၊ ဓါတ်အားလိုင်းမိုင်ရှည်လျားခြင်း၊ Line Fault များဖြစ်ခြင်း၊ မီးသုံးစွဲသူတိုး တက်များပြားလာခြင်းတို့ကြောင့် ဓါတ်အား ပြတ်တောက်မှုများ မဖြစ်ပေါ်စေရေးအတွက် ကရင်ပြည်နယ်၊ ဘားအံမြို့နယ်၊ အိန္ဒုကျေးရွာအနီးတွင် သထုံ-မော်လမြိုင် ၂၃၀ ကေဗွီ ဓါတ်အား လိုင်းမှ In/Out ပြုလုပ်ပြီး ၂၃၀ ကေဗွီဓါတ်အားလိုင်း ၈ ဒသမ ၄၁ မိုင်နှင့် ၂၃၀/၆၆/၁၁ ကေဗွီ (၂×၅၀)အမ်ဗွီအေ ဆန္ဒန်(ဘားအံ)ပင်မဓါတ်အားခွဲရုံအား ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ် ပြည်နယ်အစိုးရ ရန်ပုံငွေဖြင့် Control Bulding နှင့် ခွဲရုံအဝင်လမ်းများကို ၂၀၁၉ ခုနှစ် ဩဂုတ်လမှစတင်၍ တည်ဆောက်လျက်ရှိပြီး ဓါတ်အားလိုင်း နှင့်ဓါတ်အားခွဲရုံတို့အား ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ် ပြည်ထောင်စုအစိုးရရန်ပုံငွေဖြင့် ၂၀၂၁ ခုနှစ်တွင် အပြီးတည်ဆောက် သွားမည်ဖြစ်ရာ ပတ်ဝန်းကျင် ဒေသရှိ လျှပ်စစ်မီးမရရှိသေးသောကျေးရွာများ လျှပ်စစ်ဓါတ်အားရရှိမည်ဖြစ်ပြီး လျှပ်စစ် ဓါတ်အား ရရှိပြီးသော ရပ်ကွက်/ကျေးရွာများအနေဖြင့်လည်း လျှပ်စစ်ဓါတ်အားကို ပြတ်တောက်ချိန်အနည်းဆုံး နှင့် ဗို့အား ပြည့်မှီစွာ ရရှိအသုံးပြုနိုင်မည်ဖြစ်သည်။

 

ကရင်ပြည်နယ် ပိုင်ကျုံမြို့နှင့် ပတ်ဝန်းကျင်ကျေးရွာများအား ဓါတ်အားဖြန့်ဖြူးပေးနိုင်ရေးအတွက် ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေး JICA-Phase II အစီအစဉ်ဖြင့် လှိုင်းဘွဲ(ချမ်းသာ)-ပိုင်ကျုံ ၃၃ ကေဗွီ ၁၇ ဒသမ ၆၇ မိုင် ဓါတ်အားလိုင်းဆွဲခြင်း လုပ်ငန်းဆောင်ရွက်ပြီးစီးနေပြီး ပိုင်ကျုံမြို့တွင် ၃၃ ကေဗီ Outgoing Switch (2)Set ၊ Incoming Switchbay (1)Set နှင့် ၃၃/၁၁ ကေဗွီ , ၅ အမ်ဗွီအေဓါတ်အားခွဲရုံ တစ်ရုံအား တည်ဆောက်နေကာ ပြီးစီးပါက ပိုင်ကျုံမြို့နှင့် ပတ်ဝန်းကျင် ကျေးရွာများ လျှပ်စစ်ဓါတ် အားပိုမိုရရှိနိုင်တော့မည်ဖြစ်သည်။

 

ကရင်ပြည်နယ်၊ သံလွင်မြစ်အနောက်ဘက်ခြမ်း ဝါးဘိုးတောနှင့်ကမမောင်းမြို့ကြား ကျေးရွာများတွင် လျှပ်စစ် မီးလင်းရေး မဲလန်ကျေးရွာနှင့် ပတ်ဝန်းကျင်ဒေသအား ဓါတ်အားဖြန့်ဖြူးပေးနိုင်ရန်အတွက် ၃၃ ကေဗီ ဓါတ်အား လိုင်း ၇ ဒသမ ၅ မိုင်နှင့် ၃၃/၁၁ ကေဗွီ , ၅ အမ်ဗွီအေ မဲလန်ဓါတ်အားခွဲရုံအား ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ် ပြည်နယ် အစိုးရရန်ပုံငွေဖြင့် ဓါတ်အားလိုင်းနှင့်ဓါတ်အားခွဲရုံတို့အား တည်ဆောက်လျက်ရှိပြီး ၂၀၂၁ ခုနှစ် ၉ လပိုင်းတွင် ပြီးစီးမည် ဟု မျှော်မှန်းထားပြီး လျှပ်စစ်ဓါတ်အားတိုးတက်ရရှိမည့် ကျေးရွာနှင့်အိမ်ထောင်စုများ ထပ်မံတိုးတက်လာမည်ဖြစ်သည်။

 

နိုင်ငံတော်ဓါတ်အားလိုင်းစနစ်မှ တိုင်းရင်းသားပြည်သူများအား လျှပ်စစ်ဓါတ်အားဖြန့်ဖြူးပေးနိုင်ရေး ကြိုးပမ်း ဆောင်ရွက်လျက်ရှိသကဲ့သို့ မြို့ပြ၊ကျေးလက်မကျန် လျှပ်စစ်ဓါတ်အား အသုံးပြုနိုင်ရေး အတွက် ကရင်ပြည်နယ်အစိုးရအဖွဲ့ နှင့် SULE TECH ကုမ္ပဏီ၊ MREF ကုမ္ပဏီတို့ သဘောတူညီမှုရယူပြီး ဆိုလာ(၂၈၀ ကေဗွီအေ) + ဒီဇယ်(၄၀၀ကေဗွီအေ) Hybrid ဓါတ်အားပေးစနစ်ဖြင့် ကရင်ပြည်နယ်၊ ကြာအင်းဆိပ်ကြီးမြို့နယ် အနန်းကွင်းကျေးရွာမှ  မီးသုံးသူဦးရေ ၁၅၀ ဦး ခန့်ကို ၂၀၁၉ ခုနှစ် မတ်လ ၂ ရက်နေ့မှစတင်ကာ ဓါတ်အားဖြန့်ဖြူးပေးနိုင်ခဲ့သည်။

 

ထို့အတူ ကရင်ပြည်နယ်အစိုးရအဖွဲ့နှင့် မာန်မြင့်ဟိန်းကုမ္ပဏီတို့ သဘောတူညီမှုရယူပြီး 750 KVA , Diesel Generator လေးလုံးဖြင့် ကြာအင်းဆိပ်ကြီးမြို့နယ်၊ တံခွန်တိုင်ကျေးရွာအပါအဝင် ကျေးရွာအုပ်စု(၆)အုပ်စုရှိ ကျေးရွာ ပေါင်း ၁၇ ရွာတွင် နေထိုင်သော မီးသုံးသူဦးရေ ၂၅၀၀ ဦးအား ၂၀၂၀ ခုနှစ် ဖေဖေါ်ဝါရီလ ၂၀ ရက်နေ့မှစတင်ကာ ဓါတ်အားဖြန့်ဖြူးပေးထားလျှက်ရှိသည်။

 

ကရင်ပြည်နယ်အတွင်း လျှပ်စစ်ဓါတ်အားတိုးတက်ရရှိရေးအတွက် လျှပ်စစ်ဓါတ်အားခွဲရုံများ၊ ဓါတ်အားလိုင်းများ တိုးချဲ့တပ်ဆင်တည်ဆောက်ပေးလျက်ရှိပြီး ၆၆/၁၁ ကေဗွီ ၁၀ အမ်ဗွီအေ ဓါတ်အားခွဲရုံ  ၁၀ ရုံ၊   ၆၆/၁၁ ကေဗွီ ၅ အမ်ဗွီအေ ဓါတ်အားခွဲရုံ ၃ ရုံ၊ ၆၆/၃၃ ကေဗွီ ၁၀ အမ်ဗွီအေ တစ်ရုံ၊ ၃၃/၁၁ ကေဗွီ ၁၀  အမ်ဗွီအေ ဓါတ်အားခွဲရုံ  ၂ ရုံ၊ ၃၃/၁၁ ကေဗွီ ၅  အမ်ဗွီအေ ဓါတ်အားခွဲရုံ  ၁၁ ရုံ စုစုပေါင်း ဓါတ်အားခွဲရုံ ၂၇ ရုံကို လျှပ်စစ်ကဏ္ဍ ဘတ်ဂျတ်သုံးစွဲခွင့်အပေါ် မူတည်၍ ပြည်နယ်အတွင်းရှိ နေရာဒေသအနှံအပြားတွင် ထပ်မံတည်ဆောက်ပေးရန်လျာထားပြီး တစ်နိုင်ငံလုံး၏ လျှပ်စစ်ဓါတ်အားသုံးစွဲနိုင်မှု (ER%) ရည်မှန်းချက်ဖြစ်သော ၂၀၂၅ ခုနှစ်တွင် ၇၅ ရာခိုင်နှုန်း၊ ၂၀၃၀ ပြည့်နှစ်တွင် ရာနှုန်းပြည့် ၁၀၀ ရာခိုင်နှုန်း ပြည်မှီရေးကို ကြိုးပမ်းအကောင်အထည်ဖော်လျက်ရှိသည်။

 

လျှပ်စစ်မီးသည် လူသားတို့၏ နေထိုင်မှုပုံစံနှင့် လူမှုဘဝများစွာကို အဆင့်မြှင့်တက်သွားစေနိုင်ပြီး မြို့ပြနှင့် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးကွာဟမှုကို လျော့ချပေးနိုင်ကာ ယခုအစိုးရလက်ထက် တွင် ကရင်ပြည်နယ်အတွင်း ကျေးလက်ဒေသ ၅၀ ရာခိုင်နှုန်းကျော်အထိ လျှပ်စစ်ဓါတ်အားကို တိုးတက်သုံးစွဲလာနိုင်ခဲ့သည့်အတွက် ကျေးလက်နေ ပြည်သူများ၏ လူမှုစီးပွားဘဝများ၊ အသိပညာ ဗဟုသုတများ တိုးတက်ပွင့်လန်း၍ လူမှုဆက်သွယ်ရေး၊ ပညာရေး၊ ကျန်းမာရေး၊ စီးပွားရေး၊ လူမှုရေး ကဏ္ဍအသီးသီးတွင် ပြောင်းလဲတိုးတက်လာခဲ့ရုံသာမက ယခင်က မိုးချုပ်သည်နှင့် အိပ်ယာဝင်သည့် ကျေးလက်ဒေသများတွင် ရုပ်မြင်သံကြား၊ ရေဒီယို၊ အင်တာနက်၊ ဂြိုလ်တုစလောင်း အစရှိသည့် လျှပ်စစ် အသုံးအဆောင်ပစ္စည်းများကိုသုံးစွဲ၍ နေ့ခင်းအလားလင်းထိန်နေကြသည့် ကျေးလက်ညများမှ ကျေးရွာသူ၊ကျေးရွာသား တို့၏ ဘဝများသည် လျှပ်စစ်မီးရောင်နှင့်အတူ ထွန်းလင်းလို့လာ နေပြီဖြစ်သည်။

0212202020

ဘားအံမြို့နယ် မိသရောင်ကျေးရွာအုပ်စု ကျွန်းရွာမှ ကိုဖိုးသောကြာက “ကျွန်တော်တို့ရွာက တောကျ တဲ့ရွာလေး တစ်ရွာဖြစ်ပြီးတော့ လျှပ်စစ်မီး မရခင်တုန်းက ညဘက်အလင်းရောင်မရှိလို့ ရွာတွင်း ရွာပြင် သွားလာလှုပ်ရှားရတာ မြွေဆိုးကင်းဆိုးနဲ့ အဆိပ်ရှိသတ္တဝါတွေရဲ့ အန္တရာယ်တွေရှိပါတယ်၊ အမောင်ထု ထဲမှာဘဲတိုးနေရပြီးတော့ မျက်စိပိတ်၊ နားပိတ်သလိုမျိုးပါ၊ ညဆိုရင်လည်းမောင်ပိန်း အခုလိုမိုးတွင်းအခါမျိုးဆိုပိုဆိုးတာပေါ့၊ နေ့ရောညရော အမောင်ထုထဲ တိုးနေရသလိုမျိုးပါ၊ အရင်ကဆို ပညာရေးကစ မီးမရှိခဲ့လို့ ထိခိုက်နစ်နာခဲ့ရတယ်၊ ကလေးတွေ ညစာကြည့်ဖို့လည်း အခက်အခဲ တွေရှိခဲ့တယ်၊ မီးရှိတဲ့နေရာကိုသွားပြီးစာကြည့်ခဲ့ရတာတွေရှိတယ်၊ အခုလိုလျှပ်စစ်မီးရလာတဲ့ အခါမှာတော့ ကျွန်တော်တို့ ရွာသူရွာသားတွေအနေနဲ့ အရမ်းပီတိဖြစ်ကျေနပ်မိပါတယ်၊ ဘာကြောင့်လဲ ဆိုတော့ ကျွန်တော်တို့ရွာမှာက လမ်းမီးတွေလင်းထိန်လာတဲ့အတွက် ညဘက်သွားလာရတဲ့အခါ အန္တရာယ်မရှိတော့သလို ရွာမှာနေတဲ့မိသားစုတွေလည်း အစစအရာရာ ကျန်းမာရေးကအစ သိသိ သာသာထင်ထင်ရှားရှားမြင်အောင်လုပ်ကိုင်လာနိုင်တဲ့အခြေအနေကို ရောက်ရှိ လာတယ်၊ကလေးတွေရဲ့ ပညာရေး လည်းတိုးတက်ကောင်းမွန်လာဖို့ဘဲရှိတော့တယ်၊ ရွာသားတစ်ယောက်အနေနဲ့ အရမ်းဘဲ ကျေနပ်မိတာတော့အမှန်ပေါ့၊ ရွာလည်းအရမ်းသာယာသွားပါတယ်၊ လမ်းမီးရောင်ကြောင့် ထင်ထင် ရှားရှား မြင်ရသလို ရွာလည်းလင်းထိန်သွားတော့ ဘာဘဲပြောပြော နေ့ချင်းညချင်း မြို့ကြီးတစ်မြို့နီးပါး ဖြစ်သွားသလိုပါဘဲ၊ ကျွန်တော်တို့ ရွာအနေအထားနဲ့က လျှပ်စစ်မီးရတာ ၃ လကျော် ၄ လပတ်ဝန်း ကျင်ဘဲရှိသေးတော့ အသေးစားအလတ်စားလုပ်ငန်းလေး တွေလုပ်ကိုင်ဖို့ မိုးတွင်းကာလလည်းဖြစ် တော့ အခြေမချနိုင်သေးဘူးပေါ့၊ လောလောဆယ် လမ်းမီး၊ အိမ်မီးထွန်း၊ ဘုရား မီးပူဇော်၊ မီးပူတိုက်၊ ထမင်းဟင်းချက်၊ ရေခဲသေတ္တာသုံး၊ တီဗီ၊ ဗီဒီယိုကြည့်၊ ဖုန်းအားသွင်း ဒီလိုပုံစံလေးတွေနဲ့ဘဲ အသုံးချနေကြသေးတယ်၊ နောက်ဆိုရင်တော့ လုပ်ငန်းလေးတွေအတွက်ပါ လျှပ်စစ်မီးကိုအသုံးချ သွားဖို့ရှိပါတယ်၊ အခုလို ကျွန်တော်တို့ရွာလေးကို လျှပ်စစ်မီးရအောင် စွမ်းဆောင်ပေးခဲ့တဲ့ လူပုဂ္ဂိုလ် တွေ၊ အသင်းအဖွဲ့တွေ၊ ဌာနဆိုင်ရာတွေနဲ့ အစိုးရအဖွဲ့တို့ကို အထူးဘဲကျေးဇူးတင်ရှိပါတယ်”  ဟု ပြောသည်။

ဖွံ့ဖြိုးပြီးနိုင်ငံအများစုသည် လျှပ်စစ်ဓါတ်အားကို အပြည့်အဝရရှိအသုံးချနိုင်ကြပြီး ဖွံ့ဖြိုးဆဲနိုင်ငံ အများစုမှာမူ လျှပ်စစ်ဓါတ် အားကို တစ်စိတ်တစ်ဒေသသာ ရရှိအသုံးချနိုင်ကြသည်ကို လေ့လာသိရှိ ရသည်။ လျှပ်စစ်ဓါတ်အားရရှိ အသုံးပြုနိုင်မှုနှင့်ဖွံ့ဖြိုးတိုးတက်ရေးသည် တိုက်ရိုက်ဆက်စပ်မှုရှိပြီး ကရင်ပြည်နယ်အတွင်း လျှပ်စစ်ဓါတ်အားတိုးတက် ရရှိမှုနှင့်အတူ အနာဂတ်ကာလတွင် ပြည်သူတို့၏ လူမှု အကျိုးစီးပွားအတွက်ပါ ယှဉ်တွဲတိုးတက်လာမည်ဟု ရေးသား ဖော်ပြလိုက်ရပါသည်။

 

စောမျိုးမင်းသိန်း(ပြန်/ဆက်)