ကျောင်းကုန်း ဇူလိုင် ၁၂
သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ကျောင်းကုန်းမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ၂၀၂၃-၂၀၂၄ခု ဘဏ္ဍာရေးနှစ်တွင် အကောင်အထည်ဖော် ဆောင်ရွက်မည့် မြစိမ်းရောင်ကျေးရွာစီမံကိန်းနှင့် ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစီမံကိန်း (VDP) စီမံကိန်းရန်ပုံငွေ လွှဲပြောင်းပေးအပ်ပွဲ အခမ်းအနားကို ယနေ့နံနက် ၉ နာရီ အချိန်ခန့်က အဆိုပါ ကျေးလက်ဦးစီးရုံး၌ ကျင်းပပြုလုပ်ခဲ့သည်။
အခမ်းအနားတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးစိုးဝင်းက ကျေးလက်နေပြည်သူများ၏ လူနေမှုဘဝမြင့်မားရေး၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဟာ အဓိက အကျဆုံး အခန်းကဏ္ဍတစ်ခုဖြစ်ကြောင်း၊ ငွေတွေကို မပျောက်ပျက်အောင် အလွဲသုံးစားမှုတွေ မဖြစ်အောင် ကြိုးစားပေးကြစေလိုကြောင်း ပြောကြားခဲ့ပြီး၊ မြို့နယ်သမဝါယမဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးဝင်းထူးက နိုင်ငံတော်ရဲ့ငွေနဲ့ ပြည်သူတွေရဲ့ ငွေပေါင်းစပ်လုပ်ကိုင်ခြင်းဖြင့် တန်ဖိုးထားကြစေလိုကြောင်း ပြောကြားခဲ့သည်။
ဆက်လက်၍ မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်ဝါဝါမြတ်မွန်က စီမံကိန်းနှင့် ပတ်သက်၍ နိုင်ငံတော်မှ ငွေကျပ်သိန်း(၁၅၀)နှင့် ပြည်သူထည့်ဝင်ငွေ အနည်းဆုံး ငွေကျပ်သိန်း (၃၀)ထည့်ဝင်ဆောင်ရွက်မည်ဖြစ်ကြောင်း ရှင်းလင်းပြောကြားခဲ့ပြီး၊ မြစိမ်းရောင်ကျေးရွာစီမံကိန်းရရှိသည့် မာလာကွင်းကျေးရွာအား လည်းကောင်း၊ ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစီမံကိန်းရရှိသည့် ကျေးရွာများမှ ကွန်ကရစ်လမ်း ဆောင်ရွက်မည့် အုန်းပင်စု၊ ကိုင်းတောမ၊ တူးမြောင်းဝေါမိ၊ ဆင်ခေါင်းနှင့် ကျောင်းစုကျေး ရွာများအားလည်းကောင်း၊ လျှပ်စစ်မီးဆောင်ရွက်မည့်တောချောင်း၊ ဖားတူဗြိုက်၊ ပန်းတောရိုး(ရှေ့) ကြိမ်ငူကြီးနှင့် ဝေါမိကျေး ရွာများအားလည်းကောင်း တာဝန်ရှိသူများက အသီးသီး ရန်ပုံငွေလွှဲပြောင်းပေးအပ်ခဲ့ ကြသည်။
အခမ်းအနားသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးစိုးဝင်း၊ ဌာနဆိုင်ရာ အကြီးအကဲများ၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနဝန်ထမ်းများနှင့် စီမံကိန်းကျေးရွာများမှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။
ဝင်းကြိုင်(ပြန်/ဆက်)