တောင်ငူ ဇူလိုင် ၁၂
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ကလေးငယ်များအား အသိပညာ ဗဟုသုတ ရရှိစေရေး၊ ဥာဏ်ရည်ဖွံ့ဖြိုးတိုးတက်စေရေး အတွက် ယမန်နေ့ နံနက်ပိုင်းက အခြေခံပညာအထက်တန်းကျောင်းခွဲ (၁) သို့ Mobile Library ဖြင့် ကွင်းဆင်းဆောင်ရွက်ခဲ့သည်။
ထိုသို့ဆောင်ရွက်ရာတွင် တောင်ငူခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်ခင်သူဇာဝင်းက စာအုပ်စာပေ ဖတ်ရှုခြင်းဖြင့် ရရှိလာမည့် အကျိုးကျေးဇူးများအား ရှင်းလင်းပြောကြားခဲ့ပြီး ခရိုင်ရုံးဝန်ထမ်းများက ကိုယ်ကာယဥာဏ စွမ်းရည်များဖွံ့ဖြိုးစေရေး၊ အချင်းချင်းပူးပေါင်းဆောင်ရွက်တတ်စေရေး၊ တစ်ဦးနှင့်တစ်ဦး ချစ်ခင်ရင်းနှီးမှုများ ရရှိစေရေး ရည်ရွယ်ကာ ရုပ်ပုံပြစာအုပ်နှင့် စက္ကူပြဇာတ်၊ ဘုတ်ပြားပြဇာတ်များဖြင့် ပုံပြောခြင်း၊ ကဗျာရွတ်၍ ကိုယ်လက်လှုပ်ရှားဆောင်ရွက်ခြင်းများကို ကျောင်းသား၊ ကျောင်းသူများနှင့် အတူတကွ ပြုလုပ်ခဲ့သည်။
ထို့နောက် ကလေးငယ်များအား စာဖတ်သည့် အလေ့အထများ ရရှိစေရန် နယ်လှည့်စာကြည့်တိုက်ဖြင့် စာအုပ်ငှားရမ်းခြင်း ဆောင်ရွက်ခဲ့ပြီး ကျောင်းသား၊ ကျောင်းသူများက စာအုပ်စာစောင်များကို စိတ်ပါဝင်စားစွာ ဖတ်ရှုလေ့လာကြကြောင်း သိရသည်။
ခရိုင် (ပြန်/ဆက်)