ဖြူး ဇူလိုင် ၁၂
ပဲခူးတိုင်းဒေသကြီး၊တောင်ငူခရိုင်၊ဖြူးမြို့နယ်၊ တပ်တွင်းအခြေခံပညာ အလယ်တန်းကျောင်း(ခွဲ)၌ ဖြူးမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဖြူးမြို့နယ်အားကစားနှင့် ကာယပညာဦးစီးဌာနနှင့် ဖြူးမြို့နယ်စားသုံးသူရေးရာဦးစီးဌာနတို့ ပူးပေါင်း၍ အဆိုပါကျောင်းရှိ ကျောင်းသား/ ကျောင်းသူများအား အသိပညာပေးဟောပြောခဲ့ကြောင်းသိရသည်။
ရှေးဦးစွာ ဖြူးမြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့နယ်ဦးစီးအရာရှိ ဒေါ်အိမာဟိန်းက တက်ရောက်လာကြသော ကျောင်းသား/ကျောင်းသူများအား(၇၆)နှစ်မြောက် အာဇာနည်နေ့အထိမ်းအမှတ် ဟောပြောပွဲအနေဖြင့် အာဇာနည်နေ့ဖြစ်ပေါ်လာပုံသမိုင်းအကြောင်း၊ အာဇာနည် ခေါင်းဆောင်ကြီးများ၏ အတ္ထုပ္ပတ္တိများကို အသိပညာပေး ဟောပြောခဲ့သည်။
ဆက်လက်၍ ဖြူးမြို့နယ်စားသုံးသူရေးရာဦးစီးဌာန၊ ဒုတိယဦးစီးမှူးဒေါ်ပပလင်းက စားသုံးသူအခွင့်အရေးဆိုင်ရာများ၊ စားသုံးသူအကာ အကွယ်ပေးရေးဆိုင်ရာဥပဒေများ၊ ကုန်အညွှန်းအမှတ် အသားများ အကြောင်းနှင့် ကျန်းမာရေးနှင့်ညီညွတ်သည့် အစားအစာများ စားသောက်ရေးကို လည်းကောင်း၊ ဖြူးမြို့နယ်အားကစားနှင့်ကာယပညာဦးစီးဌာနမှမြို့နယ်ဦးစီးမှူး ဒေါ်ယဉ်သူဇာလွင်က လူငယ်ရေးရာအသိပညာပေးခြင်းအနေဖြင့် ကိုယ်လက်ကြံ့ခိုင်ရေးနှင့် ကျန်းမာရေးအကြောင်းကို လည်းကောင်း အသိပညာပေးဟောပြော ကြကြောင်း သိရသည်။
အသိပညာပေး ဟောပြောပွဲအပြီးတွင် တက်ရောက်လာကြသော အလယ်တန်းအဆင့် ကျောင်းသား/ကျောင်းသူ စုစုပေါင်း(၈၀)ဦးခန့်အား အာဇာနည်နေ့နှင့်ပတ်သက်သည့် အသိပညာပေး နံရံကပ်ပြဘုတ်များကို ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဝန်ထမ်းများက ပြသပေးခဲ့ကြကြောင်း သိရသည်။
နေမျိုးလွင်(ပြန်/ဆက်)