ထားဝယ်မြို့တွင် “အားကစားနှင့် လူငယ်ရေးရာ” အသိပညာပေးဟောပြောပွဲ ကျင်းပ

ထားဝယ် ဇူလိုင် ၁၂

ထားဝယ်ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ အခြေခံပညာဦးစီးဌာနနှင့် အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာနတို့ ပူးပေါင်း၍ “အားကစားနှင့်လူငယ်ရေးရာ”အသိပညာပေးဟောပြောပွဲကို ယနေ့နံနက်ပိုင်းက ထားဝယ်မြို့၊ အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်းခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

ဟောပြောပွဲတွင် ထားဝယ်ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဦးစီးအရာရှိ ဒေါ်မိုးမိုးခိုင်က ကျောင်းသား/သူများအနေဖြင့် နောင်တစ်ချိန်တွင် နိုင်ငံနှင့်လူမျိုးအကျိုးအတွက် သယ်ပိုးထမ်းရွက်လာကြရမည်ဖြစ်ပြီး ယခုအရွယ်မှစ၍ ဗလငါးတန်နှင့် ပြည့်စုံအောင်၊ နိုင်ငံနှင့်လူမျိုးကို ချစ်မြတ်နိုးတတ်အောင်၊ တန်ဖိုးထားတတ်အောင် အသိပညာ၊ အတတ်ပညာများကို  လေ့လာဆည်းပူးကြစေလိုပါကြောင်း၊ ရည်မှန်းချက်ထားရှိရမှာဖြစ်‌ကြောင်း၊ ပြင်ပဗဟုသုတရရှိစေရန် စာပေများဖတ်ရှုလေ့လာကြစေလိုပါကြောင်း၊ သက်ဆိုင်ရာ မြို့နယ်များတွင်ရှိသော ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ပြည်သူ့စာကြည့်တိုက်များတွင် အသိပညာဗဟုသုတရရှိစေရန် စာအုပ်စာပေများနှင့် သုတ၊ ရသစာအုပ်စာစောင်များကို အခမဲ့ လာရောက်ဖတ်ရှုပြီး ငှားရမ်းနိုင်ကြောင်း၊ ရွေ့လျားစာကြည့်တိုက်မော်တော်ယာဉ်ဖြင့်လည်း စာအုပ်စာစောင်များကို ကျောင်းသား/သူများ လက်ဝယ်အရောက် ငှားရမ်းပေးလျက်ရှိကြောင်း ပြောကြားသည်။

ထို့နောက် အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန၊ ထားဝယ်မြို့နယ်ဦးစီးမှူး ဦးဝင်းမောင်လေးက လူငယ်များအနေဖြင့် ကျောင်းပညာရေးအပြင် အားကစားကဏ္ဍ အထူးလေ့လာလိုက်စားစေလိုကြောင်း၊ ပြေးခုန်ပစ်အားကစားအဆင့်အတန်းမြင့်မားရေး၊ လေ့ကျင့်အားပြည့်ဝ၍ ခံနိုင်ရည်ရှိသော ပြေးခုန်ပစ်အားကစားသမားများဖြစ်လာရေး၊ စည်းကမ်းရှိ၍ အောင်မြင်သော ပြေးခုန်ပစ်အားကစားသမားများဖြစ်လာရေးစသည့် ရည်ရွယ်ချက်ဖြင့် ဟောပြောပွဲကျင်းပရခြင်းဖြစ်ကြောင်း ရှင်းလင်းဆွေးနွေးဟောပြောပြီး အားကစားပစ္စည်းပေးအပ်ရာ ကျောင်းအုပ်ဆရာကြီးက လက်ခံရယူ၍ ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့ကြောင်း သတင်းရရှိသည်။

ငွေဇင်ယော်(ထားဝယ်)