လက်ပံတန်း၌ အခြေခံစက်ချုပ်နည်းပညာသင်တန်းဖွင့်လှစ်

လက်ပံတန်း  ဇူလိုင် ၁၂

ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင် အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနမှ အသေးစား ကုန်ထုတ်လုပ်ငန်းများ ဖန်တီးပေးနိုင်ရေးနှင့် မိသားစုဝင်ငွေတိုးရေးစီမံကိန်းဖြင့် အကောင်အထည်ဖော်ဆောင်ရွက်သည့် အခြေခံစက်ချုပ်နည်းပညာသင်တန်းဖွင့်ပွဲကို ယနေ့နံနက် ၁၀ နာရီက လက်ပံတန်းမြို့နယ် ချမ်းသာကုန်းကျေးရွာဘုန်းတော်ကြီးကျောင်း၌ ကျင်းပခဲ့သည်။

 ရှေးဦးစွာ သာယာဝတီခရိုင်  စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးစန်းဝင်းက  အဖွင့်အမှာစကား ပြောကြားရာ ဒေသတွင်း အသေးစားစက်မှုလက်မှုလုပ်ငန်းများ ပေါ်ထွန်းလာစေရေးနှင့် လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်လာစေရန် ရည်ရွယ်၍ ယခုလို  အသက်မွေး ဝမ်းကျောင်းပညာရပ် သင်တန်းများကို ဖွင့်လှစ်ပေးရခြင်းဖြစ်ပါကြောင်း၊ အိမ်တွင်း အသေးစား စက်မှု၊ လက်မှုလုပ်ငန်းများမှ တန်ဖိုးမြှင့်ထုတ်ကုန်များနှင့် အရည်အသွေးကောင်းမွန်သော ထုတ်ကုန်များရရှိအောင် သင်တန်းတက်ရောက်သူများအနေဖြင့် သင်တန်းအပေါ် အာရုံစိုက်ပြီး ဂရုတစိုက် လေ့လာ သင်ကြားကြစေလိုကြောင်း၊ သင်တန်းမှရရှိလာမည့် နည်းစနစ်များကိုအခြေခံကာ မိမိတို့ နယ်ပယ်တွင် တီထွင်ဖန်တီးမှုများနှင့်ပေါင်းစပ်၍ တစ်ပိုင်တစ်နိုင်ထုတ်လုပ်မှုမှတစ်ဆင့် စနစ်တကျမှတ်ပုံတင်ပြီး ကိုယ်ပိုင်စီးပွားရေးလုပ်ငန်းရှင်များဖြစ်အောင် ကြိုးစားသွားစေလို​ကြောင်းပြောကြားပြီး သာယာဝတီခရိုင် အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်ဖြိုး​​ဖြိုးအောင်က အသေးစားစက်မှုလက်မှုလုပ်ငန်း ဦးစီးဌာန၏ လုပ်ငန်းတာဝန်များနှင့် အ​ခြေခံစက်ချုပ်နည်းပညာသင်တန်း ဖွင့်လှစ်ရခြင်းနှင့် ပတ်သက်၍သင်တန်း ပြီးဆုံးပါက ထူးချွန်သင်တန်းသား(၅)ဦးအား လုပ်ငန်းအစပြုဆောင် ရွက်ရန် မိမိတို့ဌာနမှ ထောက်ပံ့ငွေကျပ် ဆယ်သိန်း နှင့်ညီမျှသည့် စက်ပစ္စည်းများ ထောက်ပံ့ပေးပြီး လုပ်ငန်းထူထောင်သူ လုပ်ငန်းရှင် (၅)ဦးအား ပေါ်ထွက်အောင် ဆောင်ရွက် ပေးသွားမည်ဖြစ်ကြောင်း ရှင်းလင်း​ပြောကြားသည်။

အဆိုပါသင်တန်းကို ချမ်းသာကုန်း​ကျေးရွာအုပ်စုမှ သင်တန်းသူ ၁၅ ဦးတက်ရောက်ပြီး အခြေခံ စက်ချုပ်နည်းပညာ တစ်လနှင့် မွမ်းမံသင်တန်း ၁၅ ရက် စုစုပေါင်း ၄၅ ရက်ကြာ စာတွေ့ လက်တွေ့ဖြင့် အခမဲ့စနစ်တကျ သင်ကြားပို့ချပေးသွားမည်ဖြစ်ကြောင်း သိရသည်။

မြို့နယ် ( ပြန်/ဆက်)