တောင်တွင်းကြီးမြို့နယ်၌ မိုးစပါး(ဆင်းသုခ) ပန်းတိုင် အထွက်နှုန်းရှိရေး ကောက်စိုက်စက်၊ မျိုးစေ့ချကိရိယာဖြင့် စိုက်ပျိုးခြင်း သရုပ်ပြပွဲအခမ်းအနားကျင်းပ

တောင်တွင်းကြီး ဇူလိုင် ၁၂

တောင်တွင်းကြီးမြို့နယ် စိုက်ပျိုးရေးဦးစီးဌာန၊ စက်မှုလယ်ယာဦးစီးဌာနနှင့် ဆည်မြောင်းနှင့်ရေအသုံးချမှုစီမံခန့်ခွဲမှု ဦးစီးဌာနတို့ပူးပေါင်း၍ မိုးစပါး(ဆင်းသုခ) ပန်းတိုင် အထွက်နှုန်းရရှိရေး ကောက်စိုက်စက်၊ မျိုးစေ့ချကိရိယာဖြင့် စိုက်ပျိုးခြင်း သရုပ်ပြပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းက ဝက္ကသေးကျေးရွာရှိ ဧက ၅၀ စံပြကွက်၌ ကျင်းပခဲ့သည်။

အခမ်းအနားသို့ မကွေးခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမောင်ထူး၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးကျော်ဇင်ဦးနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ဒေသခံတောင်သူများ တက်ရောက်သည်။

ရှေးဦးစွာ မကွေးခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမောင်ထူးနှင့် တာဝန်ရှိသူများက မိုးစပါး (ဆင်းသုခ) ပန်းတိုင်တင်း ၁၀၀ ထွက်ရှိရေး ကောက်စိုက်စက်၊ မျိုးစေ့ချကိရိယာဖြင့်  ဧက ၅၀ စံပြကွက်တွင်  သရုပ်ပြစိုက်ပျိုးနေမှုအား ကြည့်ရှုအားပေးသည်။

ထို့နောက် မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဒေါ်ခင်မျိုးအေးက ကောက်စိုက်စက်ဖြင့် စပါးစိုက်ပျိုးခြင်းကြောင့်ရရှိလာမည့် အကျိုးကျေးဇူးများနှင့် ပျိုးဗန်းဖြင့် ပျိုးထောင်ခြင်းဆိုင်ရာ ကိစ္စရပ်များအား ဒေသခံတောင်သူများကို ရှင်းလင်းပြောကြားခဲ့သည်။

တောင်သူများအနေဖြင့် ကောက်စိုက်စက်ဖြင့်စပါးစိုက်ပျိုးခြင်းဖြင့် လုပ်အားခသက်သာခြင်း၊ မျိုးစေ့ကုန်ကျမှုနည်းပါးခြင်း၊ အလုပ်သမားများရှာဖွေရသည့် အခက်အခဲလျော့ကျခြင်း၊ လုပ်ငန်းတွင်ကျယ်၍ ပြီးစီးမှု ပိုမိုခြင်း၊ သက်တောင့်သက်သာစိုက်ပျိုးနိုင်ခြင်း၊ ပျိုးထောင်ဧရိယာ အနည်းငယ်သာ လိုအပ်ခြင်း၊ ပျိုးပင်များပြုစုထိန်းသိမ်းမှု လွယ်ကူစိတ်ချရခြင်းနှင့်နှုတ်ယူရန် မလိုအပ်ခြင်း၊ သန်မာ၍ ရောဂါကင်းသော ပျိုးပင်များရရှိခြင်း၊ ကောက်ပင်လှန်ရက် စောင့်ဆိုင်းရန်မလိုခြင်း၊ လေဝင်လေထွက်ကောင်းပြီး ကောက်ကွက်ဝင်ဆံ့မှု တိကျမှန်ကန်ခြင်း၊ ပင်ပွားနှုန်း ကောင်းပြီး စပါးအထွက်နှုန်း ကောင်းစေခြင်း၊ ကောက်စိုက်စက်ဖြင့် စိုက်ပျိုးထားသော စပါးခင်းအား စပါးရိတ်စက်၊ ရိတ်သိမ်းခြွေလှေ့ စက်များဖြင့် အလွယ်တကူရိတ်သိမ်းနိုင်ခြင်း စသည့် အကျိုးကျေးဇူးများ ရရှိမည်ဖြစ်ကြောင်းသိရသည်။

အောင်ကို(ဗိဿနိုး)