ပေါင်းတည် ဇူလိုင် ၁၂
ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ ပေါင်းတည်မြို့နယ်၌ စိုက်ပျိုးရေးကြီးကြပ်မှု ညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက် ၁၀ နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ နဝရတ်ခန်းမတွင် ကျင်းပသည်။
အစည်းအဝေးသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးစိုးမြင့်လှိုင်၊ အဖွဲ့ဝင်(၂) ဦးအေးကျော်နှင့်အတူ မြို့နယ်စိုက်ပျိုးရေးကြီးကြပ်မှုကော်မတီ အဖွဲ့ဝင်များ၊ ရပ်ကွက်နှင့်ကျေးရွာအုပ်ချုပ်ရေးမှူးများ၊ ရပ်ရွာစာရေးဝန်ထမ်းများ တက်ရောက်ကြသည်။
ဦးစွာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌက အဖွင့်အမှာ စကားပြောကြားရာ နိုင်ငံ့စီးပွားရေးမြှင့်တင်ရေး ရန်ပုံငွေဖြင့် စိုက်ပျိုးထားသော နွေစပါးရိတ်သိမ်းမှု၊ စပါးထွက်ရှိမှု၊ ဆီထွက်သီးနှံ စိုက်ပျိုးမှု၊ မိုးစပါး စိုက်ပျိုးနေမှုအခြေအနေ၊ စိုက်နည်းစနစ် မှန်ကန်စွာဖြင့် ထွန်ယက်စိုက်ပျိုးရေး၊ မျိုးကောင်းသန့် မျိုးစပါးများ အသုံးပြုရေး၊ Drum Seeder ဖြင့် အစေ့ချ စိုက်ပျိုးနိုင်ရန် စည်းရုံးရေး၊ မိုးစပါး ပန်းတိုင်အထွက်နှုန်း တင်း ၁၀၀ ထွက်ရှိအောင် ကြိုးပမ်းစိုက်ပျိုးရေး၊ အလေ့အလွင့် နည်းပါးအောင် သီးနှံများ ရိတ်သိမ်းရေးနှင့် စိုက်ပျိုးစရိတ် ချေးငွေများကိုလည်း ကြွေးကျန်မရှိစေရန် အရစ်ကျ ပေးဆပ်နိုင်ရေးတို့ကို မှာကြားသည်။
ယင်းနောက် စိုက်ပျိုးရေးကြီးကြပ်မှု ကော်မတီအဖွဲ့ဝင်များက မိုးစပါး စိုက်ပျိုးရာ၌ ပန်းတိုင်အထွက်နှုန်း ရရှိရေးအတွက် ကော်မတီအဖွဲ့နှင့် ပူးပေါင်းဆောင်ရွက်နိုင်ရေးတို့ကို ဆွေးနွေးကာ တောင်သူပညာပေး၊ သီးနှံအထွက်နှုန်းတို့ကို ပရိုဂျက်တာဖြင့် အစီရင်ခံ ရှင်းလင်းတင်ပြခဲ့ကြောင်း သိရသည်။
သူရကြီး (ပြန်/ဆက်)